ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် လာမည့်သီတင်းပတ်တွင် အမေရိကသို့ သွားရောက်မည်ဖြစ်ပြီး ခိုင်မာသော မိတ်ဖက်အဖြစ် ဆောင်ရွက်ပါက ဖိလစ်ပိုင်သည် စီးပွားရေးအရ အားကောင်းသောနိုင်ငံဖြစ်လာလိမ့်မည်ဆိုသည်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရှင်းလင်းစွာ သတင်းစကားပါးလိမ့်မည်ဟု အစိုးရအရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ဇန်နဝါရီလတွင် ထရမ့်ပ် ရာထူးတာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိက ခရီးစဉ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ဆိုင်ရာကို အဓိကထားမည်ဖြစ်ကာ ဖိလစ်ပိုင်ကုန်ပစ္စည်းများကို အမေရိက၏ အခွန်သတ်မှတ်ချက်နှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို မားကို့စ်က ဆွေးနွေးသွားမည်ဟု မျှော်လင့်ရသည်။
“သမ္မတရဲ့ နိုင်ငံတော်ခရီးစဉ်က ဖိလစ်ပိုင်ပို့ကုန်တွေအပေါ် အမေရိက,က အဆိုပြုထားတဲ့ အခွန်သတ်မှတ်ချက်ကို ဖြေရှင်းဖို့လည်း ရည်ရွယ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ရာကွေး ဆိုလာနိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထရမ့်ပ်သည် ဖိလစ်ပိုင်ပို့ကုန်များအပေါ် ၁၇ ရာခိုင်နှုန်း အခွန်ကောက်မည်ဟု ဧပြီလအတွင်းက ခြိမ်းခြောက်ထားခဲ့ပြီး ယခုလတွင်မူ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ထားခဲ့သည်။
နှစ်ဖက်စလုံးက လက်ခံနိုင်ကာ အပြန်အလှန်အကျိုးရှိစေသည့် သဘောတူညီချက်ကို ချုပ်ဆိုနိုင်ရန် ရည်မျှော်၍ ဖိလစ်ပိုင်ကုန်သွယ်ရေးအရာရှိများနှင့် အမေရိကန်လုပ်ဖော်ကိုင်ဖက်များ ဝါရှင်တန်တွင် ဆွေးနွေးလျက်ရှိသည်ဟု ဆိုလာနိုက ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
