တစ်ညလုံး
လွမ်းလွမ်းနဲ့ လင်းနေရလို့
အိပ်ရေးမဝတဲ့ ကြယ်ပွင့်လေးဟာ ကိုယ်ပါ။
အမှောင်မှာ စွန်းပေနေတဲ့
ညမွှေးပန်းတွေရယ်
မင်းတို့ကို ကိုယ့်အသံနဲ့ ထုပ်ပိုးပြီး
ချစ်သူရဲ့ အိမ်ရှေ့မှာ
အလွမ်းသီချင်းလေးအဖြစ်
ကိုယ်ဖန်ဆင်းထားချင်ပါတယ်။
ပြတင်းတံခါးပိတ်
ဓာတ်တိုင်ကြီးတွေ အိပ်
ဘယ်လိုမှ အိပ်မပျော်နိုင်သေးတဲ့
ကိုယ့်နှလုံးသားလေးကတော့
လမ်းတွေပေါ်မှာ
အာကာပြင်ရဲ့ တစ်နေရာမှာ
အိပ်ပျော်နေတဲ့
မင့်နားရွက်လေးဘေးမှာ
ဆိုက်ရောက်တော့မယ့် အရုဏ်ဦးကို
မျှော်လင့်လို့။
ကြယ်ပွင့်လေးတွေ နားဆင်ကြစမ်း
ဒါဟာ ချစ်သူတွေရဲ့ ဆံနွယ်ကြားက
လူ မသိအောင်
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေညင်းလေးရဲ့ ရနံ့
အဲဒီရနံ့တွေ အကြောင်း
ကိုယ့်မှာ တစ်ညလုံး
ကဗျာ ဖွဲ့နေမိတယ်။
Kသီဟ