မြန်မာ့ မြန်မာ့ရုပ်ရှင်.. ဒီသီချင်းသံလေး ကြားနေ ရပြီ။
၂ဝ၁၆ ခုနှစ် အကယ်ဒမီ ဆုချီး မြှင့်ပွဲ မကြာမီ လာတော့မည်။ အား လုံးလည်း ရင်ခုန်နေကြပြီ။ ထင်ကြေး ပေးနေသူ ကလည်း ပေးနေ ကြပြီ။ ကိုယ့်ကို ထင်နေကြသူလည်း ရှိနေ သည်။ ဒီကြားထဲ People Choice ကိုရော ပေးရင်ကောင်းမလားလို့။
၁၉၅၂- ၅၃ မှ စပေးလာသော အကယ်ဒမီ ထူးချွန်ဆု ၂ဝ၁၆ ခုနှစ် တိုင် ရောက်ခဲ့ပြီ။ နှစ်ပေါင်း ၆၄ နှစ် ရှိပါပြီ။ သို့သော် ၁၉၈၆၊ ၈၇၊ ၈၈ သုံးနှစ် ဆက်တိုက် မကျင်းပနိုင်ခဲ့။ သို့အတွက် နှစ်ပေါင်း ၆ဝသာ ကျင်း ပနိုင်ခဲ့သည်။ ယခု ၂ဝ၁၆ ခုနှစ် အပါဆိုလျှင် ၆၁ ကြိမ်ရှိခဲ့ပါ ပြီဟု မှတ်တမ်းတင်နိုင်မည်။
ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနမှ နှစ်စဉ် ကျင်းပလာခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ လွှဲပြောင်းရ ယူကာ ပထမဆုံး အကြိမ် ကျင်းပခဲ့ပါသည်။ ၂ဝ၁၄- ၂ဝ၁၅ နှစ်နှစ်စာ အတွက် ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့ သည်။ ယခု တတိယအကြိမ် ၂ဝ၁၆ခုနှစ်အတွက် ကျင်းပတော့ မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်ကြိမ်လုံး တွင် အကယ်ဒမီနှင့် ပတ်သက်ပြီး ရုပ်ရှင် အစည်းအရုံးမှ တာဝန်သိမှု၊ တာဝန် ယူမှုတို့ဖြင့် ကျင်းပခဲ့သော်လည်း အားနည်းချက် များရှိခဲ့သည်။ အပြော လွယ်သလောက် လက်တွေ့မှာ မလွယ်ဘူးဆိုတာ ကျွန်တော်နဖူး တွေ့၊ ဒူးတွေ့မို့လို့ပါပဲ။
ကျွန်တော်တို့ ဆီမှာ အကယ်ဒမီ ဘုတ်အဖွဲ့ဖွဲ့ရတာ မလွယ်ပါ။ တချို့ က ဇာတ်ကား ထဲမှာပါလို့၊ တချို့က မအားလို့၊ တချို့က မလုပ်ချင်၊ အမုန်း မခံချင်လို့ ဆိုတာတွေ ဖယ်လိုက် တော့ တကယ် လုပ်ပေးနိုင်သည့်သူ ရှားသွားပြီ။ အဲဒီမှာ အားသာချက်၊ အားနည်းချက်တွေ ရှိလာပြီ။
အကယ်ဒမီ အတွက် မူဝါဒ၊ စံချိန်စံညွှန်း တွေတော့ ရှိနေမည်။ တစ်ခါတစ်ခါ အပြောင်းအလဲ များ ရှိလာသည်။ တချို့အားနည်းချက် တွေ ရှိနေဆဲပင်။ တစ်နှစ်ထက် တစ် နှစ် ပြုပြင် ဆောင်ရွက်လာသည် ဆို သော်လည်း လူရော၊ မူရော၊ မပြောင်းနိုင်တာ၊ လေ့လာ သုံးသပ် ချက် မရှိသေးတာ၊ Skill Power တွေ အားနည်းနေခြင်းပင် ရှိနေသေး သည်။
ပွဲကျင်းပရာတွင် အခမ်းအနား အပြင်အဆင်အရ ရုပ်ရှင်အစည်း အရုံးက တစ်နှစ်ထက် တစ်နှစ် ပိုမို ထူးခြားလာသည်။
ဆုရွေးချယ်မှု အပိုင်းမှာသာ ပြုပြင်မှုအပိုင်း၊ ဆန်းသစ်မှု နည်း ပညာအပိုင်းတွေ အသုံးပြုဖို့ရာမှာ ကျွန်တော်တို့ အားနည်းနေသည်ဟု ဝန်ခံချင်သည်။
အဲဒီအတွက် အာရှ အဆင့် နိုင်ငံ ဥပမာ- Bollywood မှာ သွားရောက် လေ့လာသင့်ပါသည်။ သို့မှသာ စည်းစနစ်၊ နည်းအသစ် တွေ တိကျစွာ လုပ်နိုင်မည်ဖြစ်သည်။
ကျွန်တော်တို့ ရုပ်ရှင် အနုပညာ ရှင် သုံးဦး၊ Bollywood အိန္ဒိယ ရုပ် ရှင်မှာ သွားရောက်လေ့လာဖို့၊ ကိုယ့် နည်းကိုယ်ဟန်နှင့် ချိတ် ဆက် နေပါ ပြီ။ အကယ်ဒမီ ရွေးချယ်ရေး တာဝန် ခံ Judge လူကြီး Mr. Javite ဆီ ကမ်းလှမ်းနေပါပြီ။ ကျွန်တော်တို့ ကို မည်သူမျှ မပံ့ပိုး၊ မချိတ်ဆက်၊ ထောက် ခံအားပေးမှု မရှိသော်လည်း ကျွန် တော်တို့လောက ဖွံ့ဖြိုးဖို့တော့ ကိုယ့် ခွန် ကိုယ့်အားနှင့် ကြိုးစားကြမည် ပင်။ ကျွန်တော်တို့ အတွက် စမ်း တဝါးဝါး ခေတ်ကုန်ပြီ ဟုထင်ပါသည်။ ယုံ ကြည်သလောက် ကျွန်တော်တို့စိတ် တွေသန်မာနေပါသည်။
၂ဝ၁၃ ခုနှစ် အတွက် ရွေးချယ် ပေးသူဦးရေ ၁၇ ဦးမျှ ရှိခဲ့သည်။ ယခုနှစ် မှာတော့ ၃၅ ဦးခန့်ရှိမည်။ ယခုနှစ် ဇာတ်ကား ၃၃ ကား စာရင်း ဝင်ခဲ့သည်။ မူလက ၃၂ ကားနှင့် စာရင်းပိတ်ပြီဟု ထင်လိုက်သည်။ သို့သော် အချိန်မီ ၁ ကားတိုးလာ သဖြင့် ၃၃ ကားဖြစ်သွားသည်။ ၂ဝ၁၆ခုနှစ် အတွက် ဒီဇင်ဘာလ ကုန်သည်အထိ ဇာတ်ကားရုံတင် မှု၊ စာရင်းဝင်မှုကို စောင့်ကြည့်ပေး ရသည်။ B. Channal က တက် လာမည့် ဇာတ်ကား၊ တချို့က မြို့ပတ်ရုံ၊ နယ်ရုံပြရုံ ဖြင့် စာရင်းဝင်လာတာမျိုး တွေ ရှိနေသည်။
ဘာပဲပြောပြော အတွေ့ အကြုံ နည်းပါးမှုက ကျွန်တော် တို့အတွက် အားနည်းချက်ဖြစ်စေ သည်။ Bolly Wood တွင် ရုံတင် ဇာတ်ကား တစ်နှစ်လျှင် (၇ဝဝ) ခန့်ရှိနေသည်။ ရုပ်ရှင်ရုံပေါင်း ၂ဝဝဝ ကျော်ရှိသည်။ အဲဒီဇာတ်ကား များကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ စစ်ဆေး သည်။ ကားစစ်သလောက် အဖွဲ့ဝင် များမှာလည်း ပြောင်းသွားသည်။ နောက်ဆုံးအဆင့် Final ကျမှ ဘုတ် အဖွဲ့ဝင်၁ဦးသာ ထားရှိတော့သည်။ အဆိုပါ ပုဂ္ဂိုလ် ကြီးမှာ စွယ်စုံပညာ ရှင်ကြီးဖြစ်ရမည်။ တစ်လောကလုံး က လေးစားချစ်ခင်သူ ဖြစ်နေရမည်။ တာဝန်ခံ တာဝန်ယူထားသည်။
သူတို့ဆီမှာ Awards ရုပ်ရှင် ထူးချွန်ဆုပေးသည်။ အမျိုးအစား အရေအတွက်သည် ၂၂ဆုမျှရှိ သည်။ ရုပ်ရှင် ထူးချွန်ဆုနှင့် ပတ်သက် ၍ ခံယူထားသော ဒဿန တစ်ခုရှိ သည်။
“လူတွေရဲ့ ချစ်ခြင်းနဲ့ ချီး မြှောက်ခံရတဲ့ သူတွေက ရုပ်တု တချို့ကို မစွဲလမ်းသင့်ပါ” ရှာရွတ်ခန် ဒဿနမှာ “ဆုဆိုတာ စင်ပေါ်တွင် ၁ မိနစ် သာ ပြောကြား သွားသော ကျေးဇူးတင် စကား၊ ပြီးလို့ စင် အောက်ရောက်သည် နှင့် ငါဒီထက် မက ကြိုးစား ရတော့မယ်လို့ မှတ်ယူ လိုက်ပါ။ အဲဒီလို မဟုတ်ဘဲ ဆုပေါ် မှာသာ အချိန်ဆွဲနေ သလောက် ကြိုးစား အားထုတ်မှု လျော့သွား နိုင်တယ်” ဒီဒဿနတွေကိုတော့ သတိပြုစေချင်သည်။
ကျွန်တော်တို့ဆီ မှာလည်း မုဒိ တာပွားနိုင်သော စိတ်များထားရှိ ပေးရမည်။ အပြုံးကိုယ်စီ နှင့် လက်ခုပ် သြဘာ ချီးမြှင့်ခြင်းသည် မင်္ဂလာ တစ်ပါးမည်၏။ ပုံ ၂ ခါပြောသူသည် တိတ်ဆိတ်သူလောက် အရာမ ရောက်ပေ။ စိန်ခေါ်မှုက နီးကပ်လာ ပြီဖြစ်သည်။
အကယ်ဒမီပေးပွဲကြီး ဂုဏ် သိက္ခာမြင့်နိုင်ပါစေ။ အကယ်ဒမီရှင် အနုပညာရှင်များ ဂုဏ်သိက္ခာကြီးမား နိုင်ပါစေ။
လူတော်များ၏ အတ္ထုပ္ပတ္တိ သည် သမိုင်းဖြစ်ပေသည်။
ဒါရိုက်တာ မောင်ဗေဒါ