သရုပ်ဆောင်ရန်အောင်က အကယ်ဒမီဘုတ်အဖွဲ့ထဲမှာ ပါဝင်ဖို့ကမ်းလှမ်းခံရပေမယ့် အခုအချိန်ထိ မပါဝင်ဖြစ်သေးပါဘူး။ ဒါပေမဲ့ အကယ်ဒမီအမှတ်ပေးစနစ် တစ်နှစ်နဲ့တစ်နှစ်ပြောင်းလဲ နေတာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်နဲ့ မကြာမီကျင်းပတော့မယ့် အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး အကြံပြုစကားတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့ အခု ၂နှစ် ၃နှစ်ရှိပြီ။ အကယ်ဒမီရဲ့ အမှတ်ပေးပုံစနစ်တွေက တနှစ်နဲ့ တနှစ်ပုံစံက မတူဘူး။ စည်းမျဉ်းတွေက ပြောင်းနေတယ်။ အမှန်က အဲဒီလိုပြောင်းလို့မရဘူး။ သူ့စည်းမျဉ်းစည်းကမ်းနဲ့ သံမဏိပေတံ၊ သံမဏိစည်းမျဉ်း ရှိရမယ်။ အဲဒီအခြေခံအောက်မှာ အကုန်သွားရမယ်။ ကျွန်တော်ကတော့ တခါမှ အကဲမဖြတ်ဖူးပါဘူး။ အကဲဖြတ်ဖို့ကမ်းလှမ်းခဲ့ဖူးပေမယ့် ငါသာဆို ငါ့ဇာတ်ကားကို အမှတ်တွေအများကြီးပေးမှာပေါ့လို့။ ဒါရိုးရိုးလေး ပြောပြတာပါ။ အခုတော့လဲ အမှတ်ပေးတဲ့ လူကြီးတွေထဲမှာ လဲ ဥပမာ ဆရာဦးစိုးမိုးတို့ ဆိုရင် သူ့ဇာတ်ကားပါတဲ့နှစ်မှာ သူအကဲဖြတ်မလုပ်ပါဘူး။ အဲဒီလိုမျိုးဆိုရင် ဒါမဆိုးဘူး။ အကဲဖြတ်ရတာက ကျွန်တော်တို့ ကရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အတွက် သရုပ်ဆောင်ဘက်မှာတော့ ဒေါင့်စေ့အောင် ကြည့်တတ်တယ်။ နောက်တစ်ခုက လာမယ့်နှစ်အတွက်ကို အကယ်ဒမီအကဲဖြတ်အဖွဲ့ကို ပြန်ပြီး စည်းမျဉ်းစည်းကမ်းတွေရေးဆွဲတယ်။ အဲဒီနေ့မှာ ကျွန်တော်အစည်းအဝေးသွားတက်ပါတယ်။ ကျွန်တော်လိုချင်တာကတော့ ဒီသရုပ်ဆောင်တစ်ယောက်ကို ဒီအကဲဖြတ်ဘုတ်အဖွဲ့က အကဲဖြတ်မယ်ဆိုရင် ဒီမင်းသားကို ဘာ့ကြောင့် ကြိုက်လို့ပေးတယ်။ ဘာကိုကြိုက်တယ်။ အချက်အလက်ရေးကိုရေးရမယ်။ ဘာ့ကြောင့်မကြိုက်လို့ မပေးတာ။ အဲဒါမှ အငြင်းမပွားတော့မှာ။ ဘယ်သူက ဘာပြောလို့ ဆိုတဲ့ ခေါင်းစဉ်ကြီးကိုတော့ အပြင်ကို ထုတ်မယ်မထင်ပါဘူး။ သို့သော် သူတို့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တာမျိုးတို့ မလိုက်နာတဲ့ဟာမျိုးဆိုရင်တော့ မပေးလို့ရတဲ့အနေအထားပေါ့။ ပြောပိုင်ခွင့်ရှိရမယ်။ အခုကျတော့ ကျွန်တော်ကြားတာ မှတ်ချက်တွေမရေးကြဘူး။” လို့ပြောပါတယ်။
အကယ်ဒမီရွှေစင်ရုပ်ထု ၆ဆု ပိုင်ဆိုင်ထားတဲ့ ရန်အောင်က အကယ်ဒမီ ဆုတွေကို မှန်းပြီး မရိုက်ကူးဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူတို့ခေတ်က အကယ်ဒမီကို ရင်ခုန်စွာနဲ့ မျှော်လင့်ခဲ့ရတာဖြစ်ကြောင်းကိုလဲ ရန်အောင်က… “အကယ်ဒမီဆိုတာ နတ်တကယ်ကြီးပါတယ်။ ကျွန်တော်တို့ ဆုရခဲ့တဲ့ နှစ်တွေတုန်းက အရမ်းကို ကြပ်ပြီး ခက်ခဲပါတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ နှစ်တွေတုန်းက အကဲဖြတ် ဒိုင်တွေက ဘယ်သူတွေမှန်းကို မသိတာ။ တစ်ယောက်ထဲမဟုတ်ဘူး။ အဖွဲ့လိုက်ဆိုတော့ ကျွန်တော်တို့က အနံ့လိုက်ခံတာပေါ့။ ကျွန်တော်ရမှာလား။ ဟိုလူ့ကိုလဲ ဘာသဲလွန်စများပေးမလဲဆိုပြီး လိုက်မေးတာ။ တစ်ယောက်မှ မဖြေခဲ့ဖူးဘူး။ လူကြီးတွေ တအားနှုတ်လုံခဲ့တယ်။ ဘယ်လိုလက်ဆောင်ပဏ္ဍာမှ သွားပေးပြီး မေးလို့မရတာ။ အဲဒီတုန်းက တအားတင်းကျပ်တယ်။ ရခဲ့တဲ့ဆုတွေက တန်တယ်လို့ ယူဆတယ်။ အဲဒီခေတ်က ဆိုရင် ဥပမာ ညမင်းသားဆိုတဲ့ ဇာတ်ကားပေါ့။ ရိုက်တာနဲ့ ရုံတင်တာ ၆နှစ်ကြာတယ်။ ၁၉၉၉မှာ အဲဒီဇာတ်ကားက အကယ်ဒမီရတယ်။ အဲဒီတုန်းက လွန်ရောကျွန်ရော ရိုက်ပြီးရုံပေါ်အရောက်ဆိုရင် ၁နှစ်ပဲကြာတယ်။ အဲဒီတစ်နှစ်မှာ ရုံပေါ်တန်းရောက်သွားမယ်ဆိုရင် ကျွန်တော်အကယ်ဒမီရချင်မှရမယ် ထင်တယ်။ ၆နှစ်ကြာသွားမှ အကယ်ဒမီရတယ်။ အဲဒီနှစ်မှာ ပြိုင်ဘက်မရှိတာမျိုးတွေပေါ့။ ကျွန်တော်နဲ့ပြိုင်မယ့်လူမရှိရင် လွတ်လွတ်ကျွတ်ကျွတ်နဲ့ရတာပေါ့။ နတ်ကြီးတယ်ဆိုတာ အဲဒါပြောတာ။ အခုလဲ အကုန်လုံးက အကယ်ဒမီတွေမှန်းပြီး ကျိတ်ရိုက်နေကြတာပဲ။ ရုံပေါ်အလုအယက်တင်ကြတယ်။ ပြီးတော့မှ စာရင်းတွေ ကြည့်ပြီးတော့ ဟိုဇာတ်ကားကလဲ တအားကောင်းတယ်။ ငါ့ဇာတ်ကားကလဲ တအားကြိုးစားထားတယ်။ ဟာ သွားပါပြီကွာ ဆိုပြီး ရှိတာပေါ့။ အဲဒီလိုမျိုးတွေ မှန်းရိုက်ကြတာပေါ့။ ကျွန်တော့်တုန်းက မှန်းကို မမှန်းခဲ့တာ။ အလုပ်ကိုတော့ အလုပ်နဲ့တူအောင်ကြိုးစားခဲ့တယ်။ အဲဒါကြောင့်လဲ ရတာဖြစ်ပါလိမ့်မယ်။” လို့ ပြောပါတယ်။
ခိုင်ဝေလွင်