ဟင်္သာတ၊ ဇူလိုင်-၂၂
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ ပြည်သူ့အကျိုးပြု အခမဲ့ မျက်စိခွဲစိတ်ကုသမှု အစီအစဉ်ဖြင့် ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအစီအစဥ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ ၂၄ ရက်အထိ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်စန္ဒာသိန်း ဦးဆောင်၍ မျက်စိလူနာ ၂၀၀ ဦးအား အခမဲ့ စမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိသည်။
အစိုးရသစ် ရက် ၁၀၀ အစီအစဥ်တွင် ပါဝင်သည့် ပြည်သူ့အကျိုးပြုကုသရေး လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်၍ မျက်စိခွဲစိတ်ကုသမှုခံယူနေသည့် မျက်စိလူနာများအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဖြိုးဝေဝင်း၊ ခရိုင်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဆေးရုံအထောက်အကူပြုကော်မတီ အဖွဲ့ဝင်များက မျက်စိခွဲစိတ်လူနာများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဟာရဖြည့်အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
