ဆစ်ဒ်နီ၊ဖေဖော်ဝါရီ ၄
သြစတြေးလျကမ်းခြေ၌ ငါးမန်းကိုက်၍ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ကြောင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်မှုအရသိရသည်။
ဒေသစံတော်ချိန် ညနေ ၅ နာရီမထိုးမီက အခင်းဖြစ်နေရာသို့ အရေးပေါ်ဝန်ဆောင်မှုများကို ခေါ်ယူခဲ့ပြီးနောက် ကွင်းစလန်းရဲတပ်ဖွဲ့က အဆိုပါမိန်းကလေးသည် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။
Nine Network ရုပ်မြင်သံကြား၏ တင်ပြမှုအရ အဆိုပါမိန်းကလေးသည် ကမ်းစပ်မှ မီတာ ၁၀၀ ခန့်အကွာတွင်ရေကူးနေစဉ် လက်မောင်းကို ငါးမန်းအကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး Surf Life Saving Queensland အဖွဲ့ကမူ နောက်ထပ်အသိပေးချက်မထုတ်ပြန်မချင်း ကမ်းခြေကိုယာယီဆက်လက်ပိတ်ထားဦးမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်ခံရမှုသည် ယခုနှစ်နွေရာသီအတွင်း ကွင်းစလန်းတွင် တတိယအကြိမ်မြောက် ငါးမန်းတိုက်ခိုက်မှုဖြစ်သည်ဟုလည်းအာဏာပိုင်များကဆိုသည်။
ဒီဇင်ဘာ ၂၈ ရက်ကလည်း ငါးမန်းကိုက်၍ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကာဒီဇင်ဘာ ၂ ရက်ကမူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးလည်း ငါးမန်းကိုက် ခံရပြီး ဆေးရုံတင်လိုက်ရကြောင်းသိရသည်။
Source : ရှင်းဟွာ