ကရင်ပြည်နယ်၊ မြဝတီမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး သောင်းရင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ ယနေ့ ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီခွဲခန့်မှစတင်ကာ မြစ်ရေပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည် ရေးတံတား၊ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ တင်ကျန်နေသော အမှိုက်သရိုက်များ၊ နုံးများအား သန့်ရှင်းရေးစတင်ပြုလုပ်ခဲ့ကြပြီး သန့်ရှင်းရေးဆောင်ရွက်ရန်ကျန်ရှိသည့် ရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ လမ်းများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်း၏ ဦးဆောင်မှုဖြင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သောင်းရင်းမြစ်ရေပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ၊ လမ်းများအတွင်း ရေဝင်ရေကျော်ဆဲဖြစ်၍ ယင်းရပ်ကွက်များ၌နေထိုင်သူများမှာ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၈)ခုတွင် ဆက်လက်ခိုလှုံနေထိုင်ရလျက်ရှိကြောင်း သိရသည်။
