ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိပ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။
ထို့ပြင် မဲနှိုက်ခွင့်ရရှိသည့် မြို့နယ်နှင့် ဌာနဆိုင်ရာအမည်များကို ဇွန် (၁၀) ရက်တွင် အသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် အိမ်ခန်းငှားရမ်း နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ခန်းကို ထပ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းငှားရမ်းခြင်း ၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်းမျိုး မပြုလုပ်ရန် အသိပေးထားသည်။
ငှားရမ်းခွင့် ရရှိသူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များကို ဖေ-ာက်ဖျ-က်ကျူးလွန်ပါက ငှားရမ်းခွင့်ပြုထားသည့် အိမ်ခန်းကို ပြန်လည်သိမ်းယူမည့်အပြင် စည်းကမ်းဖေ-ာက်ဖျ-က်ကျူးလွန်သည့် မူလအိမ်ငှားကိုလည်း ဥပဒေနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ ကနဦးကြေညာချက်များအရ တစ်လငှားရမ်းခနှုန်းထားများသည် ပထမထပ်အတွက် (၆၇,၀၀၀) ကျပ်၊ ဒုတိယထပ်အတွက် (၆၀,၀၀၀) ကျပ်၊ တတိယထပ်အတွက် (၅၅,၀၀၀) ကျပ်နှင့် စတုတ္ထထပ်အတွက် (၄၆,၀၀၀) ကျပ်တို့ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်သည်။