သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ(၆)ရက် ညနေ (၄) နာရီတွင် သီတင်းကျွတ်ပွဲတော်နှင့်အတူ မုံရွာမြို့ ပြည်သူ့ဥယျာဥ် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မုံရွာမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနှင့် ဆီမီးထွန်းပူဇော်ပွဲ၊ မီးပုံးပျံလွှတ်ပွဲ၊ တေးဂီတဖျော်ဖြေပွဲများ၊ စတုဒီသာမဏ္ဍပ်များနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပွဲတော်သို့ မည်သူမဆို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ပြီး ဧည့်ခံကျွေးမွေးမည့် စတုဒီသာမဏ္ဍပ်အသီးသီးတွင် နှစ်သက်ရာတို့ကို စားသုံးနိုင်ရန်စီစဥ်လျက်ရှိကြောင်း သိရသည်။
ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနားနေနိုင်ရေး ၊ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးတို့အတွက် မုံရွာမြို့ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်းကြီးပေါ်ရှိ ပြည်သူ့ဥယျဉ်ကြီးတွင် ရောင်စုံမီးပန်းများ၊ အားကစားပစ္စည်းများ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
သီတင်းကျွတ် ပွဲတော်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များက ကဏ္ဍအလိုက်စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
