မန္တလေးငလျင်ကြီးဒဏ်ကြောင့် တက္ကသိုလ်စာမေးပွဲအဖြေလွှာများပျက်စီးဆုံးရှုံးခဲ့သဖြင့် တိုင်းနှင့်ပြည်နယ်အချို့မှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲပြန်လည်ဖြေဆိုစေရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့ချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာအချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် စာမေးပွဲပြန်လည်ဖြေဆိုရန်စီစဉ်ဆောင်ရွက်ခဲ့ရကာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်၍ ပြန်လည်ဖြေဆိုမှုမဆောင်ရွက်စေဘဲ ဖြေလျော့မှုဖြင့် စာမေးပွဲအအောင်ပေးရန်ပြောဆိုမှုများရှိခဲ့သည်ဟု ပြောသည်။
” သို့သော် သိက္ခာရှိတဲ့အောင်မြင်မှုမျိုးနဲ့ နိုင်ငံတကာစံချိန်စံနှုန်းတွေအရ စာမေးပွဲပြန်လည်ဖြေဆိုဖို့ မိမိတို့အနေနဲ့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း စာမေးပွဲပြန်လည်ဖြေဆိုရမယ့်ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အဆင်ပြေချောမွေ့မှုရှိစေဖို့ လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် မေ ၂၂ ရက်မှစတင်ကာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်ပြီဖြစ်၍ တိုင်းနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေးကိုကြိုးစားဆောင်ရွက်ရမည်ဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများမဖြစ်ပေါ်စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့အတူ ပညာရေးကဏ္ဍအား နှောင့်ယှက်ဖျက်ဆီးနေမည်ဆိုပါက ဆောင်ရွက်နေသည့်နေရာဒေသများသည် အခြားဒေသများ၏နောက်တွင်ကျန်နေခဲ့မည်ဖြစ်၍ အကြမ်းဖက်သမားများအနေဖြင့် ပညာရေးကဏ္ဍအား နှောင့်ယှက်ဖျက်ဆီးနေခြင်းသည် မိမိတို့အနာဂတ်ကို မိမိတို့ဖျက်ဆီးနေခြင်းဖြစ်သည်ကို အသိရှိရန်လိုသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။