အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။
ဇိနမာရ်အောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်တည်ဆောက်ရန်အတွက် အများပြည်သူတို့က စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြရာ ယနေ့အထိ စုစုပေါင်းအလှူငွေရရှိမှုမှာ ငွေကျပ် (၁၇,၁၅၄) သိန်းအထိ ရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီများ ပြုပြင်မွမ်းမံခြင်းတို့အပြင် အာရုံခံတန်ဆောင်း (၄) ခု၊ မုခ် (၄) မုခ်နှင့် ဂြိုဟ်တိုင်များကိုပါ ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
