နေပြည်တော်၊ ဩဂုတ် ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲနှင့် ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲတွင် ငလျင်၊ ရေဘေးနှင့် လေပြင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအနက် ဘေးအန္တရာယ် ၃ မျိုးလုံးကိုဖြစ်စေ၊ နှစ်သက်ရာ ၁ မျိုးကိုဖြစ်စေ ရွေးချယ်ယှဉ်ပြိုင်နိုင်သည်။
ဒီဇိုင်းများ ဖန်တီးရာတွင် မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့စရိုက်များနှင့် ကိုက်ညီသည့် သရုပ်ဖော်ပုံများ ဖြစ်ရမည်ဖြစ်ပြီး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် (https://www.moswrr.gov.mm/awareness/oamphlets) ရှိ နမူနာများကို ကြည့်ရှု၍ ဖန်တီးရမည်ဖြစ်သည်။ မူလစာစောင်များပါ အကြောင်းအရာများအပြင် အများပြည်သူအတွက် ပိုမိုသိသာထင်ရှားစေမည့် ဆက်စပ်အချက်အလက်များကိုလည်း ထပ်မံဖြည့်စွက် ရေးဆွဲနိုင်သည်။
ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲတွင် ငလျင်၊ မုန်တိုင်း၊ ရေဘေးနှင့် အယ်လ်နီညိုဖြစ်စဉ် အသိပညာပေး ခေါင်းစဉ်များဖြင့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် ၄ မိနစ်စာ Animation ဗီဒီယိုကို မြန်မာဘာသာဖြင့် ဖန်တီးရမည်ဖြစ်ပြီး မည်သည့် နည်းလမ်းဖြင့်မဆို ထုတ်လုပ်ယှဉ်ပြိုင်နိုင်သည်။ သရုပ်ဆောင် ဇာတ်ကောင်များနှင့် အစီအစဉ် တင်ဆက်မှုများသည် ဇာတ်လမ်းဇာတ်ကွက်နှင့် လိုက်လျောညီထွေမှုရှိကာ မြန်မာ့ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများကို ထင်ဟပ်ဖော်ပြနိုင်ရမည် ဖြစ်သည်။
လျှောက်လွှာများကို လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲအတွက် Hard Copy နှင့် Soft Copy တို့ကိုလည်းကောင်း၊ Animation ပြိုင်ပွဲအတွက် Soft Copy အား အခွေ (သို့မဟုတ်) DVD/VCD ဖြင့်လည်းကောင်း ပြင်ဆင်၍ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပြိုင်ပွဲဝင်လျှောက်လွှာ၊ ဝန်ခံကတိပြုလွှာတို့နှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ နေပြည်တော် (ဖုန်း – ၀၆၇-၃၄၀၄၆၆၈၊ အီးမေးလ် – [email protected]) သို့ စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
