ရန်ကုန်၊ ဩဂုတ် ၃
မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society – MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public Speaking ၏ အနှစ်သာရနှင့်အတူ လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိ၏ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking)၊ လူအများရှေ့ စကားပြောဆိုတင်ပြမှု (Public Speaking) နှင့် ကျိုးကြောင်းဆင်ခြင်မှု (Logical Reasoning) စွမ်းရည်များကို အဆင့်မြှင့်တင်လိုသည့် လူငယ်များကို တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။
သင်တန်း၌ အတွေ့အကြုံရှိ Speaker များ၊ သဘာဝပတ်ဝန်းကျင်နှင့် သိပ္ပံပညာကို စိတ်ဝင်စားသည့် စိတ်တူကိုယ်တူ လူငယ်များနှင့် ချိတ်ဆက်ရင်း မိမိ၏ Public Speaking အရည်အသွေးကို တိုးတက်အောင် လေ့ကျင့်နိုင်မည် ဖြစ်သည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များအားလုံး လျှောက်ထားနိုင်ပြီး ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် ပိုမိုသင့်တော်မည်ဖြစ်သည်။
ရွေးချယ်ခံရသည့် သင်တန်းသားများအနေဖြင့် Public Speaking Training နှင့် Light Pollution, Astrotourism Knowledge Sharing ၂ ရက်နှင့်အတူ နောက်ဆုံးနေ့ စားပွဲဝိုင်းဆွေးနွေးပွဲ (Roundtable Discussions) အပါအဝင် စုစုပေါင်း ၃ ရက်တာ အပြည့်အဝ ပါဝင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေး အခမဲ့ဖြစ်သည်။
အဆိုပါ ၃ ရက်ကြာ သင်တန်းကို ဩဂုတ် ၂၈ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် ဩဂုတ် ၁၈ ရက်နေ့ကို နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
