ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ အရောင်းအဝယ်အေးနေသော်လည်း ပြင်ပရွှေဈေးနှုန်းမှာ (၂၉) သိန်းကျပ်အထက်တွင်သာ ဆက်လက်ရပ်တည်နေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။
ယခုလ လလယ်ပိုင်းက စတင်ကာ ကမ္ဘာ့ရွှေဈေးလှုပ်ခတ်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းပါ လိုက်တက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အခေါက်ရွှေတစ်ကျပ်သားလျင်(၂၉)သိန်းကျပ် အထက်ဖြင့်သာ ဆက်လက်ရောင်းဝယ်နေကြဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းအနေဖြင့် တစ်အောင်စလျင် ၂၉၉၈ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြည်တွင်းရှိ အခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သားလျင် ၂၉၇၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်မှုများ ရှိခဲ့သော်လည်း ဈေးကွက်အတွင်း၌ အရောင်းအဝယ် အေးသည့်အခြေအနေတွင်သာ ရှိနေကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် ၁၉၆၀ ဒေါ်လာအထိ ပြန်လည်ကျဆင်းလာပြီး ပြည်တွင်း ရွှေဈေးနှုန်းအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားလျင် ၂၉၂၀၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မကြာမီ ရက်ပိုင်းအတွင်း မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ ကျရောက်တော့မည်ဖြစ်သည့် အတွက် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းဆက်လက်ကျဆင်းလာနိုင်သော်လည်း အရောင်းအဝယ်မှာ ဆက်လက်အေးနေနိုင်ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်ကြသည်။
” သင်္ကြန်ကာလလည်း နီးပြီဆိုတော့ ရွှေဈေးကတော့ နည်းနည်းပါးပါးတော့ ကျလောက်တယ်ပေါ့။ ဒါပေမဲ့ အရောင်းအဝယ်ပိုင်းကတော့ အခြေအနေတွေ အရပ်ရပ်ကြောင့် ဆက်ပြီး အေးနေဦးမယ့် သဘောရှိပါတယ်။ ပုံမှန်အခြေအနေမျိုးပေါ့ ” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းနေပြီး ထပ်မံ၍ ကျလာနိုင်သေးသည့်အတွက် သင်္ကြန်ကာလတွင် မြန်မာ့ရွှေဈေးပါ အကျဘက်သို့ ဦးတည်လာနိုင်ကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း သုံးသပ်သည်။
” ကမ္ဘာ့ဈေးကတော့ နည်းနည်း ပြန်ကျလာပြီပေါ့ကွာ။ ဆက်ပြီးတော့လည်း ကျနိုင်သေးတယ် ။ ဆက်ကျနိုင်သေးတယ်ဆိုရင်တော့ ပြည်တွင်းရွှေဈေးကလည်း ဒီသင်္ကြန်ဆိုရင်တော့ အကျထဲ ရောက်သွားနိုင်တာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောသည်။
ယနေ့ မတ်လ (၃၀) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျင် ၂၃၀၉၁၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၉၆၀ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
