မြန်မာ့အရေး၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ် cryptocurrencies ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ ဆွေးနွေးခဲ့ကြသည်။
တနင်္ဂနွေနေ့က ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ မစ္စတာအန်ဝါက သူ၏ ဖေ့စ်ဘုတ်ပေ့ချ်တွင် မြန်မာ့အရေးနှင့် cryptocurrency ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်သည်ဟုသာ ဖော်ပြခဲ့ပြီး အသေးစိတ်အချက်များ မဖော်ပြခဲ့ပေ။ ဆွေးနွေးမှုသည် အကျိုးဖြစ်ထွန်းခဲ့သည်ဟုလည်း သူက ဆိုခဲ့သည်။
ဆွေးနွေးပွဲကို ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည်ဟု ယူဆရပြီး နောက်ပိုင်းတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo လည်း ပါဝင်ခဲ့သည်။
ယခုနှစ်တွင် မလေးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကတာဝန်ကို ယူထားရပြီဖြစ်ပြီး သက်ဆင်ကို မလေးရှားဝန်ကြီးချုပ်၏ ပုဂ္ဂိုလ်ရေးအကြံပေးအဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ခန့်အပ်ခဲ့သည်။
ပြီးခဲ့သည့်လက လန်ကာဝီတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးဆွေးနွေးမှုများစတင်ရန်နှင့် တိုက်ခိုက်မှုများ ရပ်တန့်ရန် အာဆီယံက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပြိး ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးက အရေးပါကြောင်းလည်း အဖွဲ့က သဘောထားပေးခဲ့သည်။
Ref: ဘန်ကောက်ပို့စ်