မိုက်ခရိုဆော့ကုမ္ပဏီကြီးက ၎င်း၏ စုစုပေါင်းဝန်ထမ်းအင်အား၏ ၃ ရာခိုင်နှုန်း နီးပါးကို အလုပ်ဖြုတ်မည်ဟု ကြေညာလိုက်သည်။
အလုပ်လက်မဲ့ဖြစ်မည့် ဝန်ထမ်းအင်အားစုစုပေါင်းကို ထုတ်ဖော်မပြောသော်လည်း၊ အလုပ်သမား ၆,၀၀၀ ခန့် ပါဝင်မည်ဖြစ်သည်။ မိုက်ခရိုဆော့တွင် ပြီးခဲ့သည့် ဇွန်လ အထိ အချိန်ပြည့်အလုပ်သမား စုစုပေါင်း ၂၂၈,၀၀၀ ဦး ရှိခဲ့ပြီး၊ ၎င်းတို့၏ ၅၅% မှာ အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။
အဆင့်အသီးသီးတွင် အလုပ်ဖြုတ်မည့်ဝန်ထမ်းများရှိမည်ဖြစ်သော်လည်း အထူးသဖြင့် စီမံခန့်ခွဲမှုအဆင့်များကို လျှော့ချရန် အာရုံစိုက်မည်ဟု မိုက်ခရိုဆော့မှ တာဝန်ရှိသူများကပြောကြားခဲ့သည်။ အလုပ်ဖြုတ်သိမ်းမှုအကြောင်း အသိပေးစာများကို အင်္ဂါနေ့က ပေးပို့ခဲ့သည်။
“ပြောင်းလဲနေသော ဈေးကွက်တွင် ကုမ္ပဏီအား အောင်မြင်စွာ ဆက်လက်ရပ်တည်နိုင်ရန်အတွက် လိုအပ်သည့် ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည်ဖော်သွားမည်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုက်ခရိုဆော့သည် AI နည်းပညာနှင့် Azure Cloud-Computing စီမံကိန်းများအတွက် ဒေတာစင်တာများတည်ဆောက်ရန် ငွေကြေးပမာဏများစွာအကုန်အကျခံနေရသည့်အတွက် လတ်တလောနှစ်များအတွင်း ကုန်ကျစရိတ်များကို ထိန်းချုပ်ရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဝန်ထမ်းများကို အလုပ်ဖြုတ်ပစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် ဆာဗာလုပ်ငန်းများအတွက် ဒေါ်လာ ၈၀ ဘီလီယံခန့် အကုန်အကျခံသုံးစွဲသွားမည်ဟု မိုက်ခရိုဆော့က ပြောကြားထားသည်။
အခြားနည်းပညာကုမ္ပဏီများကလည်း ယခုနှစ်အတွင်း လူအင်အားလျှော့ချမှုများ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ Meta ကုမ္ပဏီကြီးကလည်း ဇန်နဝါရီလတွင် စွမ်းဆောင်ရည်အပေါ်အခြေခံ၍ ဝန်ထမ်း ၅ ရာခိုင်နှုန်းခန့်ကို ထုတ်ပယ်မည်ဖြစ်ပြီး ထိုနေရာများအတွက် အသစ်ခန့်အပ်မည်ဟု ပြောကြားခဲ့သည်။ Salesforce Inc. ကုမ္ပဏီကလည်း သည် AI နည်းပညာကို အဓိကထားသည့် နေရာအသစ်များအတွက် ဝန်ထမ်း ၁,၀၀၀ ကျော်ကို လျှော့ချမည်ဟုပြောကြားခဲ့သည်။