ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့လုံခြုံရေးဝန် ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူစစ် မေနဖန်တို့အား ယနေ့ ဇူလိုင် ၃ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။
ဝန်ကြီးဦးသန်းဆွေနှင့် လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီတို့တွေ့ဆုံစဥ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတို-က်ဖျ-က်ရေးအတွက် ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသတစ်လျောက် အွန်လိုင်းလောင်းကစားနှင့် လိ-မ်လည်မှုကွန်ရက်များကို တို-က်ဖျ-က်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် မြန်မာ-တရုတ်-ထိုင်း(၃)နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူစစ် မေနဖန် နှင့်တွေ့ဆုံရာတွင်လည်း မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား အရှိန်အဟုန်မြှင့်တင်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
