တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံအထိ ရှိခဲ့သည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။
၃.၀ ဗားရှင်းဟု ခေါ်ဆိုသော လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကာ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတို့ကို လိုက်နာရန် နိုင်ငံများအတွက် ဦးဆောင်၊ စံနမူနာပြသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စေ့စပ်ညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး သဘောတူညီချက်တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များ ချိတ်ဆက်ရေး နှင့်အခြားနယ်ပယ်များ အကျူံးဝင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သဘောတူညီချက်သည် နှစ်ဖက်စလုံး၏ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ၏နက်ရှိုင်းသော ပေါင်းစည်းမှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံ ဖေါ်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာတစ်ဝန်းနိုင်ငံများအပေါ် သွင်းကုန်ခွန်ကို တိုးမြှင့် ကြောင်း ကြေညာခဲ့သကဲ့သို့ တရုတ်နိုင်ငံကို ပိုမိုပြင်းထန်သော အခွန်စည်းကြပ်မှုများချမှတ်ခဲ့ပြီးနောက်ပိုင်း တရုတ်သည် အာဆီယံနှင့် ထိတွေ့ဆက်ဆံမှုကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၏ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံအချို့နှင့် ဆက်ဆံရေးခိုင်မာစေရန် ဧပြီလတွင် အရှေ့တောင်အာရှ သုံးနိုင်ငံသို့ သွားရောက်ခဲ့ပြီး ပထဝီနိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့ကို စည်းလုံးညီညွတ်စွာဖြင့် ဆန့်ကျင်ရန် အာရှနိုင်ငံများကို တောင်းဆိုခဲ့သည်။
ယခုနှစ်မကုန်ခင်တွင် ကုန်သွယ်မှု သဘောတူစာချပ်ကို တရားဝင်လက်မှတ်ရေးထိုးကြမည်ဟု မျှော်လင့်ရသည်။ အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ၂၀၀၂ ခုနှစ်၌ ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင် အသက်ဝင်ခဲ့သည်။
REF : ဘန်ကောက်ပို့စ်