ဗဟန်းအစိုးရအထက်တန်း ကျောင်း (ယခုဗဟန်းအထက -၁) နှင့် တစ်ဖက်တစ်ချက် မလှမ်းမကမ်း၊ ဘောင်ဒရီလမ်း (ဓမ္မ စေတီလမ်း)ဘေးတွင် တစ်ချိန်က အထိမ်းအမှတ် ကျောက်တိုင်တစ်တိုင် ရှိသည်။ ကျောက်တိုင်တွင် “ဖဆဆိုရှယ်တို့၏ လက်ချက်ဖြင့် ကျဆုံး သော ကျောင်းသားရဲဘော် ဟယ်ရီတန်” ဟု ကမ္ပည်းထိုးထားသည်။ ကျ ဆုံးသော နေ့ရက်က ၁၉၅၆ခုနှစ်၊ မတ်လအတွင်း (ရက်မမှတ်မိ)ဖြစ်သည်။ ကျောက်တိုင်မှာ ထိုရက်စွဲကိုလည်း ရေးထိုးထားသည်။ ကျောက်တိုင်ကို “ဟယ်ရီတန်ကျောက်တိုင်” ဟု ခေါ်ကြသည်။
ဟယ်ရီတန်ကိစ္စပေါ်ပေါက်ရသည့်အကြောင်းက ၁၉၅၆ခုနှစ်၊ မတ်လတွင် စစ်ဆေးသော သတ္တမတန်းစာမေးပွဲက စသည်။ သတ္တမ တန်းမှာ အစိုးရစစ်စာမေးပွဲ ဖြစ် သည်။ နောက်ဆုံးနေ့ဖြေရမည့် ဘာ သာ (အထွေထွေသိပ္ပံဟု ထင်ပါ သည်)မေးခွန်းကြိုတင်ပေါက်ကြား ၍ ထိုမေးခွန်းကို စာမေးပွဲမဖြေခင် ဗမာ့ခေတ် သတင်းစာက ကြိုဖော်ပြ လိုက်သည်။ မေးခွန်းပေါက်ကြားသည် မှာ အမှန်တကယ်ဖြစ်နေသဖြင့် ထို နေ့စာမေးပွဲကို မကျင်းပဘဲ ရပ်ဆိုင်းလိုက်ရာ ကျောင်းသားများ မကျေ မနပ်ဖြစ်ပြီး ဗမာ့ခေတ် သတင်းစာ တိုက်သို့သွား၍ ဆန္ဒပြကြသည်။ ဗမာ့ခေတ်သတင်းစာတိုက်က ဓမ္မစေတီလမ်းထောင့်မှာရှိသည်။ ကျောင်း သားများကို ရဲကသေနတ်နှင့် ပစ်ရာ ကျောင်းသားကလေး ဟယ်ရီတန်ကို ထိမှန်ပြီး ဆေးရုံမှာ သေဆုံးသွားသည်။
နောက်နေ့နံနက်စောစောတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ရေဒီယို မှ တိုက်ရိုက်အသံလွှင့်သည်။ ဖြစ် ပျက်သည့်ကိစ္စကို သုံးသပ်ပြောဆိုပြီး နောက် ” မောင်တို့အားလုံးကို အအောင်ပေးလိုက်တယ်” ဟု ကြေညာလိုက်သည်။ ဆက်ကြိုးစားကြဖို့ လည်း တိုက်တွန်းသွားသည်။ ဤသို့ဖြင့် ကျောင်းအားလုံးမှ သတ္တမ တန်းကျောင်းသားအားလုံး တန်းလုံး ကျွတ်အောင်သွားကြသည်။ ဝန်ကြီး ချုပ်၏အမိန့်ဖြင့် ကျောင်းသား အားလုံးကို အအောင်ပေးခြင်းမှာ မကြုံဖူးသောကိစ္စဖြစ်သည်။ အရှိန် တက်နေသော ဟယ်ရီတန်ကိစ္စ လည်း ထိန်းပြီးဖြစ်သွားသည်။ ကျောင်းသားများက ဟယ်ရီတန် ကျဆုံးသည့်နေရာမှာ အမှတ်တရကျောက်တိုင်စိုက်၍ကမ္ပည်း တင်သည်။ (အိမ်စောင့်အစိုးရလက် ထက်တွင် ဟယ်ရီတန်ကျောက်တိုင် အဖျက်ခံရသည်။)
ထိုနှစ်မှာ သတ္တမတန်း အောင်သော ကျောင်းသားများကို “ဟယ်ရီတန်တွေ” ဟု သိမ်းကျုံး နာမည်တပ်သည့်အတွက် ကသိကအောက်ဖြစ် ကြရသည်။ “ဟယ်ရီတန်နှစ်မှာ ခုနစ် တန်းအောင်တဲ့သူတွေ” ဟု သရော် သံဖြင့် ပြောသည်ကို ခံကြရသည်။ နောက်ဆက်တွဲ ပြဿနာရှိပါ သေးသည်။ နောက်တစ်နှစ် (၁၉၅၆- ၅၇)ခုနှစ်မှာ သတ္တမတန်းစာမေးပွဲ မေးခွန်းများကို လုံခြုံမှုအတွက် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ သွား ပြီးရိုက်နှိပ်သည်။ ပညာမင်းကြီး ဦး ကောင်းကိုယ်တိုင် တာဝန်ယူဆောင် ရွက်သည်။ ကလကတ္တားမှာ ရှိနေစဉ် ပညာမင်းကြီးဦးကောင်းမှာ ကားတိုက်ခံရသည့်အတွက် ကွယ်လွန် အနိစ္စရောက်ရရှာသည်။ ဟယ်ရီတန် အရေးအခင်း၏ နောက်ဆက်တွဲဖြစ် သော ထိုဖြစ်ရပ်မှာ ကြေကွဲစရာ ကောင်းပါသည်။ ဖဆပလနှစ်ခုမကွဲမီက ပညာ ရေးဝန်ကြီးမှာ ဦးထွန်းတင်ဖြစ်သည်။ ဦးထွန်းတင်သည် ဗဟန်းမြို့နယ်မှ အရွေးခံရသော ပါလီမန်အမတ်ဖြစ်သည်။ အခမ်းအနားရှိလျှင် ဗဟန်း အထက်တန်းကျောင်းသို့ြ<ွကရောက် ပြီး အမှာစကားပြောလေ့ရှိသည်။ ဗဟန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား၂ ယောက်ကို ချီးမြှင့်သည့်အနေဖြင့် ဂျပန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်သည်။
ဆက်စပ်နေသော ဖြစ်ရပ်တစ်ခု ကိုလည်း သတိရပါသည်။ ပညာရေး ဝန်ကြီးဦးထွန်းတင်၏ တူတော်သူသည် ဗဟန်းကျောင်း အဋ္ဌမတန်းမှာ ပညာသင်နေသည်။ ကျွန်တော်နှင့် တစ်တန်းတည်းဖြစ်သည်။ စာမေးပွဲ ဖြေတော့ ကျရှုံးသည်။ သို့သော် “ဝန်ကြီးတူမို့ ဘာလုပ်ပေးရမယ်” ဆို သော အသံမျိုးမကြားခဲ့ရပါ။ စာမေးပွဲကျသူကိုယ်တိုင်ကလည်း ဘာပြဿ နာမှမလုပ်ပါ။
ကျွန်တော်တို့နေထိုင်သော “မင်္ဂလာရိပ်သာ” ရပ်ကွက်ကလေး ပေါ်ပေါက်လာရသည့် အကြောင်းမှာလည်း ဖဆပလခေါင်းဆောင်များ ၏ ကျေးဇူးမကင်းသည်ကို တွေ့ရ သည်။ ကျွန်တော်တို့ ထိုရပ်ကွက် မပြောင်းမီ ရပ်ကွက်ဟောင်းမှာနေစဉ် ကပင် ဖဆပလနှင့် နှီးနွှယ်သည့် အဖွဲ့အစည်းတစ်ခု၌ အရေးပါသော နေရာတွင် ဆောက်ရွက်နေသည့် ပုဂ္ဂိုလ်တစ်ဦး ရပ်ကွက်ထဲမှာ ရှိပါ သည်။ အများလေးစားသော ပုဂ္ဂိုလ် ဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ ကြိုးပမ်းမှု ကြောင့် ရေတာရှည်လမ်းဟောင်း ထိပ်၊ ကုန်းမြင့်ပေါ်က မြေကွက်ကျယ် တစ်ခုမှာ ရပ်ကွက် တည်ဆောက်ခွင့် ရသည့်အတွက် ကျွန်တော်တို့မိသားစု အပါအဝင် ရပ်ကွက်ဟောင်းမှ လူ များလည်း ထိုရပ်ကွက်ပြောင်းရ သည်။ မြေနေရာများ ချထားပြီး အိမ်ဆောက်ကြသည်။ မကြာမီ ရပ်ကွက်မှာ လျှပ်စစ်မီးရသည်။ လျှပ် စစ်မီးရသည့် အထိမ်းအမှတ်ပွဲသို့ ဖဆပလဝန်ကြီးများဖြစ်သော ဦး ထွန်းတင်နှင့် ဦးရာရှစ်တို့ တက် ရောက်ဖွင့်လှစ်ပေးသည်။ ရပ်ကွက် က ထိုပုဂ္ဂိုလ်များကို ကျေးဇူးတင် ကြောင်း ပြောကြသည်။ အိမ်စောင့် အစိုးရ မတက်မီ ၁၉၅၆ ခုနှစ်က ဖြစ်ပါသည်။
ထိုကာလတွင် ရန်ကုန်မြူနီစီ ပယ် ရွေးကောက်ပွဲတစ်ခု ကျင်းပ သည်ကိုလည်း သတိရနေပါသည်။ မြို့နယ်အသီးသီးမှ မြူနီစီပယ်လူကြီး အဖြစ် အရွေးခံသူများ မဲဆွယ်စည်းရုံး ကြသည်။ “ဘယ်ပါတီမှ ဘယ်သူ့ကို မဲပေးကြပါ” ဆိုသော ပိုစတာများ နေရာအနှံ့ကပ်ကြသည်။ ဖဆပလ အဖွဲ့၏ မဲဆွယ်သီချင်းကို ကျွန်တော် တို့ရပ်ကွက်မှ လူငယ်တစ်ယောက်က မယ်ဒလင်ဖြင့် သီဆိုသည်။ အသံ အောင်သည့်အပြင် မကြာခဏ သီဆို သည့်အတွက် သီချင်းကို နားထောင် ရင်း အလွတ်ရသွားသည်။ ” အနီ ရောင်မဲပုံးမှာ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ၊ သေချာစွာ ဂရုပြုကာ လူထု အများ မဲဆန္ဒပေးကြပါ” ဆိုသောစာသား၊ “ဖဆပလ အဖွဲ့ချုပ် စေတနာ၊ စားဝတ်နေရေး ချောင်လည်မှာ၊ ကျန်းမာရေး၊ ပညာရေး အားပေး ကူညီကာ” ဆိုသော စာသားတွေကို မှတ်မိနေပါသေးသည်။ ထိုအချိန်က ကျွန်တော့်မှာ ၁၈နှစ် မပြည့်သေး၍ မဲမပေးရသေးပါ။ ဖဆပလကပင် အနိုင်ရပါသည်။
ဖဆပလကွဲပြီး သန့်ရှင်းဖဆပ လအစိုးရလက်ထက်တွင် ဟိုပါတီနှင့် ဒီပါတီ ရန်ဖြစ်ကြ၊သတ်ကြ၊ဖြတ်ကြသည့် သတင်းတွေ သတင်းစာထဲမှာ မကြာခဏ ဖတ်ရသည်။ သန့်ရှင်းနှင့် တည်မြဲတို့၏ ပဋိပက္ခသတင်းများ က အများဆုံးဖြစ်သည်။ “ဆည်တောင် အိုင်လူသတ်မှု” တရားခံများ ဖြစ်ကြသော ပျူစောထီးအဖွဲ့ ခေါင်း ဆောင်နှစ်ယောက်ကို အမှုထင်ရှားသည့်အတွက် ကြိုးပေးစီရင်သည့် သတင်းကို သတင်းစာတွေထဲမှာ ဓာတ်ပုံကြီးတွေနှင့် တွေ့ရသည်။ အိမ်စောင့်အစိုးရ တက်လာတော့ အခြေအနေ ပြောင်းသွားသည်။
ကျွန်တ်ာတို့ မိသားစု တောင် ဥက္ကလာသို့ ပြောင်းလာရပြီး နောက် တော်တော်နှင့် အခြေမကျပါ။ အိမ် လည်း မဆောက်နိုင်သေးပါ။ ယာယီ တဲဖြင့်နေရသည်။ မိသားစု တော် တော်များများမှာ ထိုအခြေအနေ မျိုးဖြစ်သည်။လမ်းများလည်းမကောင်း သေး။ နွေမှာ ဖုန်ထူ၊ မိုးမှာ ရွှံ့ထူဆို သော အခြေအနေဖြစ်သည်။ ကိုယ့် အိမ်နေရာကို အလွယ်တကူ သိနိုင်ဖို့ ရောက်စုံအဝတ်စများကို အလံလုပ်ပြီး အိမ်ရှေ့မှာ စိုက်ထားရသည်။ ကိုယ့်အလံကို မှထ်ထားပြီး ကိုယ့်အိမ် ကို ရောက်အောင်ပြန်လာနိုင်သည်။ ထိုဖြစ်ရပ်ကို ဆရာဒဂုန်တာရာက “ဥက္ကလာပ” ကဗျာတွင် ရေးဖွဲ့ထားသည်။ “ပိုင်နက်ဂေဟာ၊ ကိုယ့်နေ ရာကို၊ သိသာစေရန်၊ အလံပုဆိုး၊ မိုးသို့လွှင့်ထူ၊ တလူလူတည့်” ဟူ၍ ဖြစ်သည်။ ထိုကဗျာလေးကို ဖတ်မိ တိုင်း တောင်ဥက္ကလာပတည်စက အခြေအနေကို မြင်ယောင်လာပါ သည်။
ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူး ကြီး ထွန်းစိန်က တောင်ဥက္ကလာပ၊ ၈ ရပ်ကွက်၊ ရွှေယင်းမာ ရုပ်ရှင်ရုံ မှာ အစည်းအဝေးကျင်းပပြီး မိန့်ခွန်း ပြောသည်။ မိန့်ခွန်းကို ရေဒီယိုမှ လွှင့်ပေးသည်။ မြို့သစ်များ စနစ်တ ကျ တည်ဆောက်ပေးသည့်အကြောင်း ရှင်းလင်းပြောပြသည်။ မြို့ တော်ဝန်၏ မိန့်ခွန်းတွင် “ခင်ဗျားတို့ ပညာသင်ရေးအတွက် စိတ်မပူကြ နဲ့၊ တောင်ဥက္ကလာပက ဘီအေကို အောင်ရမယ်” ဆိုသော အားပေး စကားလည်းပါသည်။ အမှတ်တရ ဖြစ်စရာကလေးများပါ။ အိမ်စောင့်အစိုးရလက်ထက်မှာ “ကြံ့ခိုင်ရေးအသင်း” များဖွဲ့ကြသည်။ ရပ်ရေးရွာရေး၊ သန့်ရှင်းရေး ဆောင် ရွက်သည်။ ရပ်ကွက်တွေမှာ ကြံ့ခိုင် ရေးအသင်း စာသားပါသော အမှိုက် ပုံးများထားပေးသည်။
ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံ ရေးပါတီများ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြသည်။ သန့်ရှင်းဖဆပလက ပြည်ထောင်စုပါတီ (ပထစ)ဟု အမည်ပြောင်းသည်။ တည်မြဲဖဆ ပလက ဖဆပလနာမည်ကိုပင် ဆက်သုံးသည်။ ပမညတလည်း ရှိသည်။ တောင်ဥက္ကလာပ ၁ဝ ရပ်ကွက်၊ ကွင်းထဲမှာ မဲဆွယ်တရားပွဲများ ကျင်းပသည်။ ပထစမှ သခင်စံဝေ၊ ဖဆပလမှ ဗိုလ်စကြာတို့ ယှဉ်ပြိုင်ကြသည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော် ဇောက တစ်သီးပုဂ္ဂလအဖြစ် ယှဉ် ပြိုင်သည်။ တရားပွဲများမှာ ဗိုလ်စကြာနှင့် ဗိုလ်ကျော်ဇောတို့ ဟောကြပြောကြသည်။ နှစ်ဦးစလုံးရဲဘော်သုံးကျိပ်ဝင်များဖြစ်၍ ပရိသတ်က စိတ်ဝင်တစား နား ထောင်ကြသည်။
မောင်ခင်မင် (ဓနုဖြူ)