အိမ်စောင့်အစိုးရလက်ထက်၊ ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန်တွင် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလတို့၏ မဲဆွယ်စည်းရုံး သံများကို ဝေဝေစည်စည်ကြားရ သည်။ သန့်ရှင်းဖဆပလက အဝါရောင်၊ တည်မြဲဖဆပလက အနီ ရောင်သုံးသည်။ မဲဆွယ်သီချင်းတစ်ပုဒ်ကို နေရာအနှံ့မှာ ကြားရသည်။ “ရွှေဝါရောင်၊ ရွှေဝါရောင်၊ သန့်ရှင်း ကို လူထုက မဲပေးကြမည်။ ရွှေဝါ ရောင်၊ ရွှေဝါရောင်၊ လူထုကို သန့်ရှင်းက စိတ်ချရသည်” ဆိုသော စာသားဖြင့်စသည်။ တည်မြဲဘက်က ကျွေးမွေးပေးကမ်းစည်းရုံးနေသည် ဟု အသံထွက်သည်။ သီချင်းတွင် “ပေးတာယူထား၊ ကျွေးတာကိုစား၊ ဖက်ဆစ်နဲ့ ဒီမိုကရေစီ အားလုံးသိ သည်။ မဲပေးမမှားဖို့ နှိုးဆော်သည်။ ခြိမ်းခြောက်တာကို တို့မကြောက်ပြီ။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်မည်။ သန့်ရှင်းတဲ့ သန့်ရှင်းလာပြီ။ တစ်မြို့လုံး၊ တစ်ရွာလုံး၊ တစ်အိမ်လုံးမဲပေးမည်” ဟု သီချင်းကို အဆုံးသတ်ထားသည်။ အမျိုးသမီးများ အဝါရောင်ထဘီများ ဝတ်ဆင်ကာ ထိုသီချင်းဖြင့် လှည့် လည် စည်းရုံးကြသည်။
နောက်ပိုင်းတွင် သန့်ရှင်းဖဆ ပလက ပြည်ထောင်စုပါတီ(ပထစ)ဟု နာမည်ပြောင်းလိုက်သည်။ တည် မြဲ ဖဆပလက ဖဆပလဟူသော အမည်ကိုပင် ဆက်ခံအသုံးပြုသည်။ ပမညတအဖွဲ့ကလည်း အင်အားရှိ တန်သလောက်ရှိသည်။ ရွေးကောက်ပွဲအတွက် စည်းရုံး နေသည့်ကာလတွင် အစိုးရ အထက် တန်းကျောင်းတစ်ကျောင်းမှ ဖြစ်ရပ် တစ်ခုက စိတ်ဝင်စားစရာကောင်း သည်။ ထိုကျောင်းမှ ကျောင်းအုပ် ဆရာကြီးက ဖဆပလဘက်သို့ ယိမ်း သည်။ တစ်နေ့တွင် ဆရာကြီး၏လူ များက ကျောင်းသူများကို နောက် နေ့မှာ ထဘီအနီရောင် ဝတ်လာကြဖို့ တိုးတိုးတိတ်တိတ် စည်းရုံးထားသည်။ နောက်နေ့ကျတော့ ဆရာကြီး မျက် လုံးပြူးသွားသည်တဲ့။ အကြောင်းမူ ကျောင်းသူအများစု ထဘီအဝါများ ဝတ်လာကြသည့်အတွက် တစ် ကျောင်းလုံး ဝင်းဝါနေသည်ကို တွေ့ ရသော ကြောင့်ဖြစ်သည်တဲ့။ ဆရာ ကြီး စိတ်ဆိုးပြီး ထဘီအဝါ ဝတ်သူ များကို ကျောင်းခန်းမထဲခေါ်ပြီး ဆူပူကြိမ်းမောင်းကာ အဝတ်ပြန်လဲ ခိုင်းသည်တဲ့။
တပ်မတော် အဖွဲ့အစည်းများ ဘယ်ဘက်မှမလိုက်ဖို့ ကာကွယ်ရေး ဦးစီးချုပ်က အမိန့်ထုတ်ထားသည်ကို မလိုက်နာဘဲ တည်မြဲဘက်က ဝင်ပြီး အကူအညီပေးသော တပ်မတော် အရာရှိကြီးများကို ကာကွယ်ရေး ဦးစီးချုပ်က ရာထူးမှ ထွက်ခိုင်းသည့် သတင်းကို ကြေးမုံသတင်းစာမှာ အကြီးအကျယ် ရေးသားသည်။ ဓာတ်ပုံများနှင့် တကွပါလာသည်။ ရွေးကောက်ပွဲမှာ ဦးနု၏ ပြည် ထောင်စုပါတီ (ပထစ)က အပြတ် အသတ် အနိုင်ရသည်။ ဖဆပလမှ ထိပ်တန်းခေါင်းဆောင်များ မဲရှုံးသည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စသည့် ခေါင်းဆောင်များ အရွေးမခံ ရတော့သဖြင့် ပါလီမန်နှင့် ဝေးသွား သည်။ ပမညတက အရွေးခံရသူ မရှိသလောက် နည်းသွားသည်။ ဦးနု၏ ပထစကို တစ်ပြည်လုံး ပုံ အော၍ မဲပေးကြခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ပထစအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမောင်၏ရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုကြပြီး နောက် တစ်နေ့တွင် သတင်းစာထဲမှာ ဝန်ကြီးများ၏ ဓာတ်ပုံများနှင့်တကွ အစိုးရအဖွဲ့စာရင်း ပါလာသည်။ ဗမာ့ခေတ် သတင်းစာလား၊ ကြေးမုံ သတင်းစာလား မမှတ်မိတော့ပါ။ ထိုသတင်းစာက ခေါင်းစဉ်ကို ” ဦးနု ၏ မဲပြာပုဆိုးများ” ဟု သရော်သံဖြင့် တပ်ထားသည်။ ထိုခေါင်းစဉ်အတိုင်းပင် ဝန်ကြီးများမှာ ယခင်က လူဟောင်းများ အများစုဖြစ်သည်။ ပညာရေးဝန်ကြီးမှာ ဒေါက်တာ ဦးအေးမောင်ဖြစ်သည်။
ဖဆပလမှ အရွေးခံရသော ဝန်ကြီးဟောင်း သခင်သာခင်ကို “အတိုက်အခံ ခေါင်းဆောင်” အဖြစ် သတ်မှတ်၍ ရုံးခန်းနှင့် အဆောင် အယောင်များပေးသည်။ ဝန်ကြီးချုပ် ဦးနုက အတိုက်အခံ ခေါင်းဆောင်ကြီး၏ ရုံးခန်းကို ဂရုတစိုက်သွား ကြည့်သည့်သတင်းပါလာသည်။ နိုင်ငံတော်သမ္မတကြီး ဦးဝင်း မောင် သမ္မတသက်တမ်းစေ့တော့ မည်ဖြစ်၍ သမ္မတသစ်ကို လွှတ်တော် က ရွေးချယ်တင်မြှောက်သည်။ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင် ဝါးနောင်ဖြစ်သည်။ သမ္မတသစ်၏ မိသားစုက ရန်ကုန်ဆင်းလာရတော့ မည်။ သမ္မတကတော်လောင်းက မီးရထားဖြင့် ရန်ကုန်သို့လာစဉ် မိတ်ဆွေများက ဝမ်းသာကြောင်း နှုတ် ဆက်ဂုဏ်ပြုကြသည့်သတင်းကို တွေ့ရသည်။
အသံလွှင့်ဌာနတွင် အစိုးရနှင့် ရှမ်းစော်ဘွားများ အစည်းအဝေး ကျင်းပပြီး အပြန်အလှန် ဆွေးနွေးနေ ကြသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဆွေးနွေးသည့် သတင်းများကြားရသည်။ “ဖက်ဒရယ်မူ” ဟူသော အသုံးအနှုန်း တွင်ကျယ် လာသည်။ နောက်တစ်နေ့ နံနက်တွင် မြန်မာ့အသံက အသံလွှင့်ကြေညာ ချက်တစ်ခု လွှင့်ထုတ်သည်။ ကာ ကွယ်ရေး ဦးစီးချုပ်၏ ကြေညာ ချက်ဖြစ်သည်။ မြန်မာနိုင်ငံ ချောက်ထဲကျတော့မည့်အခြေအနေ ရှိလာ သည့်အတွက် တပ်မတော်က ထိန်း သိမ်းစောင့်ရှောက်လိုက်သည့် အကြောင်း ကြေညာချက်ဖြစ်သည်။
ထို့နေ့နံနက်စောစောမှာပင် သမ္မတကြီးဦးဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနုနှင့် ဝန်ကြီးများ ထိန်းသိမ်းခံလိုက် ကြရသည်။ ဖဆပလ၊ ပမညတ စသည့်ပါတီများမှ ခေါင်းဆောင်များလည်း ထိန်းသိမ်းခံရသည့်အထဲတွင် ပါဝင်သည်။ သမ္မတဖြစ်တော့မည့် ဆမားဒူဝါဆင်ဝါးနောင်မှာ သမ္မတ ဖြစ်ဖို့ ကံဇာတာ မပါဟု ဆိုရပါလိမ့် မည်။ တစ်နိုင်ငံလုံး ပုံအောပြီး တင်မြှောက်ထားသည့် ပထစအစိုးရ မှာ သက်တမ်းတစ်ဝက်ပင် မရှိသေး မီ ယခုကဲ့သို့ အာဏာသိမ်းခံလိုက်ရ သည့်အတွက် တစ်နိုင်ငံလုံး ဝမ်းနည်း ကြေကွဲကြရသည်။ “ဘာတွေဆက်ပြီး ဖြစ်မှာပါလိမ့်” ဟု မမျှော်မှန်းနိုင်ဘဲ ရှိကြသည်။ ထိတ်လန့်မှု၊ စိုးရိမ်မှုများ လည်း လွှမ်းမိုးလာသည်။
ရေဒီယိုမှ အသံလွှင့် ကြေညာချက်တွေ တစ်ခုပြီးတစ်ခု ထွက်လာ သည်။ ကြေညာချက်တွေ နားထောင် ဖို့ ရေဒီယိုရှိသော လက်ဖက်ရည် ဆိုင်တို့၊ ဆံပင်ညှပ်ဆိုင်တို့မှာ လူစည် ကားနေသည်။ “နိုင်ငံတော် တော်လှန် ရေးကောင်စီ ဖွဲ့စည်းခြင်း၊ တော်လှန်ရေးအစိုးရ အဖွဲ့ဖွဲ့စည်းခြင်း၊ ပါလီ မန်ဖျက်သိမ်းခြင်း၊ ပြည်နယ်ကို အုပ်ချုပ်သည့် အဖွဲ့ဟောင်းများ ဖျက်သိမ်းပြီး အဖွဲ့သစ်များ ဖွဲ့စည်း ခြင်း စသည်စသည်ဖြင့် ကြေညာချက်တွေ ဆက်တိုက်ထွက်နေသည်။ =အရင်ထက် အခြေအနေ ပိုကောင်း လာလေမလား” ဟု မျှော်လင့်သူတွေ လည်းရှိသည်။ ပြည်နယ်တစ်ခု၏ အကြီးအကဲအဖြစ် တာဝန်ပေးခံရ သည့် ပုဂ္ဂိုလ်ကို တော်လှန်ရေး ကောင်စီဥက္ကဋ္ဌကြီးက “ခင်ဗျား အောင်မြင်အောင်လုပ်၊ မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်” ဟု ပြောသည့်အကြောင်း သတင်းစာထဲ မှာပါသည်။
စဖွဲ့စဉ်က “နိုင်ငံတော် တော်လှန်ရေးကောင်စီ” ဟု ခေါ်သော်လည်း “တော်” ဟူသော “ပဒေသရာဇ် အသုံးအနှုန်း” ကို မကြိုက်သည့် အတွက် “တော်” တွေ ဖြုတ်ပစ်သည်ဟု ကြားရသည်။ သည်တော့ “ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ” ဟု သုံးသည်။ “ဘဏ္ဍာရေး နှင့် အခွန်တော်ဌာန”ကို “ဘဏ္ဍာရေးနှင့် အခွန်ဌာန”ဟု သုံးသည်။ “ပညာတော်သင်”က “ပညာသင်” ဖြစ်သွားသည်။
အစိုးရအဖွဲ့ဝင်များကို “ဝန်ကြီး” ဟု မခေါ်လိုသည့်အတွက် “တာဝန်ခံ” ဟုခေါ်သည်။ “ပညာပေးဌာန တာဝန်ခံ” မှာ ဒုတိယကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် သန်းဖေ ဖြစ်သည်။ လအနည်းငယ်အကြာမှာ ဗိုလ်မှူးချုပ်သန်းဖေ ခရီးမှအပြန် ရုတ်တရက် ကွယ်လွန်သွားသည့်အတွက် “ဗိုလ်မှူးကြီးလှဟန်” ကို ပညာရေးဌာနတာဝန်ခံအဖြစ် တာဝန်ပေးသည်။ “ပညာရေးဝန်ကြီး” ပဲပေါ့။ သုံးရင်းစွဲရင်း “တာဝန်ခံ” ဆို သော ဝေါဟာရအသုံးမှာ ရောရောထွေးထွေးဖြစ်လာသည်။ “ဆိုင်တာဝန်ခံ” တို့၊ “ဂိုထောင်တာဝန်ခံ” တို့သုံးလာသည်။ ထိုအခါတွင် “အစိုးရ အဖွဲ့ဝင်များကို ဝန်ကြီးများဟု ခေါ်ခွင့်ပြုလိုက်သည်” ဟု တော်လှန် ရေးကောင်စီဥက္ကဋ္ဌက အမိန့်ထုတ်ရ သည်။ ပုံမှန်အတိုင်း အားလုံး “ဝန်ကြီး” ပြန်ဖြစ်သွားသည်။ တော် လှန်ရေးအစိုးရ အဖွဲ့စာရင်းမှာ “ဗိုလ်”မပါသော အရပ်သား နာမည် တစ်ခု ထူးထူးခြားခြားပါသည်။ နိုင်ငံခြားရေးတာဝန်ခံ “ဦးသီဟန်” ဖြစ်သည်။ လွတ်လပ်ရေးရစ ရန်ကုန်၏ ပုံရိပ်များကို သိသလောက်၊ မြင်သ လောက် ပုံဖော်ကြည့်ရင်း လွတ်လပ် ရေးရပြီး ဆယ်နှစ်မှ နောက်ထပ် ၄ နှစ်ပင်စွန်းသည့် ၁၉၆၂ ခုနှစ်သို့ ရောက်နေပါပြီ။ ခေတ်တစ်ခေတ် ကူးပြောင်းနေပါပြီ။
မောင်ခင်မင်(ဓနုဖြူ)