အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်လူငယ်သုံးဦးသည် ဆားကိုအသုံးပြု၍ လျှပ်စစ်မလိုဘဲ အအေးခံနိုင်သည့် မီနီရေခဲသေတ္တာတစ်လုံးကို ဒီဇိုင်းဆွဲတီထွင်ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ထိုရေခဲသေတ္တာကို လျှပ်စစ်မရရှိသော ကျေးလက်ဒေသများသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ဆေးရုံများသို့ ပေးပို့သွားကြမည်ဖြစ်သည်။
ဒါရုဗ်ချောင်ဒရီ၊ မီသရန်း လဒ်ဟာနီယာ နှင့် မရီဒူးလ်ဂျာအင်တို့သည် အိန္ဒိယနိုင်ငံ အင်ဒိုးမြို့တွင် နေထိုင်ကြပြီး ၎င်းတို့၏ မိဘများသည် ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ လျှပ်စစ်မရရှိသော ကျေးလက်ဒေသများသို့ COVID-19 ကာကွယ်ဆေးများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိကြောင်း ကြားသိရသည့်အခါ ထိုလူငယ်သုံးဦးသည် ဆားကိုအသုံးပြုသည့် အအေးခံနည်းပညာတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့၏ တီထွင်မှုကို “Thermavault” ဟု အမည်ပေးထားပြီး အိန္ဒိယနိုင်ငံ၏ ၂၀၂၅ ခုနှစ် Earth Prize ဆုကို ဧပြီ ၁၉ ရက်နေ့က ရရှိခဲ့သည်။ ထိုဆုတွင် အမေရိကန်ဒေါ်လာ (၁၂,၅၀၀) ချီးမြှင့်ခြင်းလည်းပါဝင်ပြီး ဆုရသူ လူငယ်သုံးဦးသည် ထိုငွေဖြင့် Thermavault ရေခဲသေတ္တာ အလုံး၂၀၀ ကို ထပ်မံတည်ဆောက်ကာ ဆေးရုံ ၁၂၀ သို့ စမ်းသပ်အသုံးပြုနိုင်ရေးအတွက် ပို့ဆောင်ရန် စီစဉ်ထားသည်။
သူတို့၏ ရေခဲသေတ္တာသည် ကာကွယ်ဆေးများ၊ အခြားဆေးဝါးများနှင့် ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ကူညီနိုင်မည်သာမက အစားထိုးကိုယ်အင်္ဂါများကိုပါ ထိန်းသိမ်းသယ်ယူနိုင်မည်ဟု မျှော်လင့်ထားသည်။
“ကျွန်တော်တို့ဟာ Thermavault ထဲမှာ ကာကွယ်ဆေးတွေကို ၁၀ နာရီကနေ ၁၂ နာရီအထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” ဟု အင်ဒိုးမြို့ရှိ V One ဆေးရုံတွင် စမ်းသပ်အသုံးပြုခဲ့သော အရိုးအထူးကု ဆရာဝန် ဒေါက်တာပရီတက်ရှ်ဝီယက်စ်က Thermavault ဝက်ဘ်ဆိုက်တွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။
“ဒါဟာ လျှပ်စစ်မီးမရတဲ့ တောနေဒေသတွေ၊ ကျေးရွာတွေအတွက် အမှန်တကယ် အထောက်အကူဖြစ်စေမှာပါ” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။
ရေထဲတွင် ပျော်ဝင်သောအခါ အချို့ဆားများသည် အအေးဓာတ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။
အကြောင်းမှာ ထိုဆားများ ပျော်ဝင်သောအခါ ၎င်းတို့ကို ဖွဲ့စည်းထားသော အိုင်းယွန်းများ ကွဲထွက်သွားပြီး ထိုကွဲထွက်မှုအတွက် စွမ်းအင်လိုအပ်ကာ ထိုစွမ်းအင်ကို ပတ်ဝန်းကျင်မှ စုပ်ယူသောကြောင့် ရေသည် အေးလာခြင်းဖြစ်သည်။
ဒါရုဗ်ချောင်ဒရီ၊ မီသရန်း လဒ်ဟာနီယာ နှင့် မရီဒူးလ်ဂျာအင်တို့သည် အင်တာနက်ပေါ်တွင် ရှာဖွေပြီး အသုံးဝင်နိုင်မည့် ဆား (၁၅၀) ခန့်ကို စာရင်းပြုစုကာ၊ ထို့နောက် အထိရောက်ဆုံးဖြစ်မည့် အမျိုး ၂၀ ခန့်သို့ လျှော့ချခဲ့သည်။
ထို့နောက် အိန္ဒိယနည်းပညာတက္ကသိုလ် (Indian Institutes of Technology) မှ ဓာတ်ခွဲခန်းတစ်ခုကို ငှားရမ်းကာ စမ်းသပ်ခဲ့ကြသည်။ စိတ်ပျက်စရာကောင်းသည်မှာ ဆားများထဲမှ တစ်ခုကမျှ ရေကို လုံလောက်စွာ မအေးစေနိုင်ခြင်းဖြစ်သည်။
သို့သော် သူတို့၏ ဆရာက ဘေရီယမ်ဟိုင်ဒြောက်ဆိုဒ် အောက်တာဟိုင်ဒရိတ်(barium hydroxide octahydrate)နှင့် အမိုနီးယမ်းကလိုရိုဒ်(ammonium chloride)ဆားနှစ်မျိုးကို စမ်းသပ်ရန် အကြံပြုခဲ့သည်။
“ကျွန်တော်တို့ဟာ အကောင်းဆုံးဆားကို ရှာဖွေဖို့ အင်တာနက်တစ်ခုလုံးကို မွှေနှောက်ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ ၉တန်း သိပ္ပံဖတ်စာအုပ်ဆီ ပြန်ရောက်သွားတာပါပဲ” ဟု ချောင်ဒရီက ပြောကြားခဲ့သည်။
အမိုနီးယမ်းကလိုရိုဒ်သည် ၂ မှ ၆ ဒီဂရီ ဆဲလ်စီးယပ် (၃၅ မှ ၄၃ ဒီဂရီ ဖာရင်ဟိုက်) အထိ အပူချိန်ကို ထိန်းပေးနိုင်ကြောင်း သူတို့တွေ့ရှိခဲ့သည်။ ထိုအပူချိန်သည် ကာကွယ်ဆေးများအတွက် အကောင်းဆုံးဖြစ်သည်။ ဘေရီယမ်ဟိုင်ဒြောက်ဆိုဒ် အောက်တာဟိုင်ဒရိတ်ကို ထည့်သွင်းပါက သုညဒီဂရီအောက် အအေးဓာတ်ကို ရရှိစေပြီး အချို့သော ကာကွယ်ဆေးများနှင့် အစားထိုးကိုယ်အင်္ဂါများအတွက် သင့်တော်သည်။
ထို့ကြောင့် သူတို့သည် အအေးခံနည်း နှစ်မျိုးကို ရရှိခဲ့သည်။
သုံးလခန့်အကြာတွင် သူတို့သည် ရေခဲသေတ္တာရှေ့ပြေးပုံစံ(prototype) တစ်ခုကို တည်ဆောက်ပြီး ဒေသခံဆေးရုံများတွင် စမ်းသပ် အောင်မြင်ခဲ့ကြသည်။
သူတို့တီထွင်လိုက်သည်ရေခဲသေတ္တာသည် ပလတ်စတစ်အပြင်ဘက်နံရံနှင့် ကြေးနီအတွင်းဘက်နံရံကြားတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်မပါသော ဆားပျော်ဝင်ရည်ကို လောင်းထည့်ထားသည့် အကာအရံပါသော ပလတ်စတစ်ဘူးတစ်လုံးဖြစ်သည်။
အမိုးနီယမ်ကလိုရိုက်ပျော်ဝင်ရည်၏ အားသာချက်တစ်ခုမှာ လျှပ်စစ်မလိုဘဲ လယ်ကွင်းထဲတွင် ပြန်လည်အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း ဆယ်ကျော်သက်သုံးဦးက ပြောကြားခဲ့သည်။
ဂျိန်းက ၎င်းတို့သည် သူတို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆောင်ရွက်ချက်၊ အရည်အသွေးနှင့် စိတ်ချလုံခြုံမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် ကာကွယ်ဆေးများဖြန့်ဖြူးပေးသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် Gavi သို့ တင်ပြရန် စီစဉ်နေကြောင်း ပြောသည်။