မြန်မာ့မီးရထားမှပြေးဆွဲလျက်ရှိသည့် ခရီးစဥ်အသီးသီး၏ လူစီးရထားများပေါ်၌ မှောင်ခိုပစ္စည်း၊ အခွန်ရှောင်ပစ္စည်းနှင့် ကုန်စည်များသယ်ဆောင်ပါက ဥပဒေအရအရေးယူမည်ဟု အသိပေးခဲ့သည်။
တရားမဝင်မှောင်ခိုကုန်ပစ္စည်းများ၊ အကောက်ခွန်ရှင်းလင်းထားခြင်းမရှိသောအခွန်ရှောင်ပစ္စည်းများ၊ စီးပွားရေးအရရောင်းဝယ်မည့် ကုန်စည်များကို လူစီးတွဲများပေါ်တွင်တင်ဆောင်ခြင်းရှိ/မရှိအား တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များက ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဟု အသိပေးခဲ့သည်။
“ကောင်းပါတယ်ဗျာ။ ဒီလိုလုပ်မယ်ဆိုတော့။ အရင်ကဆိုရင် ကုန်တွေကိုတင်တော့ ခြေထောက်ချစရာနေရာမရှိသလောက်ဘဲ။ အလယ်လျှောက်လမ်းဆိုရင်လည်း မနည်းရှောင်ကွင်းပြီးလျှောက်ရတယ်။ အခုလို တားမြစ်လိုက်တဲ့အတွက် ရထားစီးတဲ့သူတွေလည်း သပ်သပ်ရပ်ရပ်နဲ့ လွတ်လွတ်လပ်လပ်သွားလို့ရတယ်”ဟု ရထားစီးခရီးသည်တစ်ဦးက ပြောသည်။
စစ်ဆေးစဥ် တားမြစ်ထားသောကုန်ပစ္စည်းများ သယ်ဆောင်လာရှိပါက ယင်း ကုန်ပစ္စည်းများကိုသိမ်းဆည်းမည်ဖြစ်ကာ ဥပဒေအရအရေးယူသွားမည်ဟုလည်း အသိပေးခဲ့သည်။
