၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်း၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
ထို့ပြင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲအထိမ်းအမှတ် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ယောဆရာတော်ထံမှ ငါးပါးသီခံယူဆောက်တည်ခဲ့ကြသည်။
ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) သာသနာရေးဆိုင်ရာများ ဖတ်ကြားလျှောက်ထားပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့ ဆက်ကပ်လှူဒါန်းပြီးနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်ရွာမဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။