ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် မကြာခဏကြုံနေရသည့် အငြင်းပွားဖွယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် သဘောတူညီခဲ့ကြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် အောက်တိုဘာလတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက် သူ၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီကျင်း၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့နှင့် တွေ့ဆုံဆွေးနွေးမှုများသည် အပြုသဘောဆောင်ကြောင်း ဆိုခဲ့ပြီး အလွန်ပွင့်လင်း၍ ပြည့်စုံကျယ်ပြန့်သော ဆွေးနွေးမှုများဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကောင်းမွန်သောအနာဂတ်ကို ဦးတည်စေမယ့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု မြို့တော် ပေကျင်းတွင် သတင်းထောက်များကို သူက ပြောကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်ထိန်းသိမ်းရေး၊ ကျန်းမာရေးနှင့် သူနာပြုစုစောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပါဝင်သော စီးပွားရေးဆွေးနွေးပွဲတစ်ခုအတွက် ဝမ်သည် လာမည့်နှစ်တွင် ဂျပန်နိုင်ငံသို့သွားရောက်ရန် သဘောတူခဲ့သည်။ ဂျပန်ခရီးသွားများကို ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုရန် မကြာခင်က တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက်တွင် ဂျပန်ကလည်း တရုတ်ခရီးသွားများကို ဗီဇာလိုအပ်ချက် များကို လျှော့ချပေးကြောင်း ကြေညာခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် ကြီးမားသော သဘောထားကွဲပြားမှုများလည်း ရှိခဲ့သည်။ နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားနေသည့် လူမနေသော ကျွန်းစုများအနီးတွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို ဂျပန်၏ စိုးရိမ်ပူပန်မှုကို အီဝါယာက အသိပေးခဲ့သကဲ့သို့ တောင်တရုတ်ပင်လယ်ရှိ အခြားနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ပိုင်နက်အငြင်းပွားမှုများနှင့် ပတ်သက်၍လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Ref: အေပီ