၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၅)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၃) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု ဆိုသည်။
အလားတူ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ဆောင်းရာသီကာလအတွင်း ညအပူချိန်အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။
ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမိုထူထပ်စွာ မြူထူဆိုင်းတတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
