အစိုးရအနေဖြင့် လာမည့်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက၊ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နစက ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင်ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းပြည်ပအဖျက်သမားများ၏ ထိုးနှက်တိုက်ခိုက်မှုများ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် ဆုံးရှုံး နစ်နာမှုများစွာဖြစ်ပေါ်စေခဲ့ကြောင်း ပြောသည်။
ထို့ကြောင့် အားလုံးတက်ညီလက်ညီဖြင့် စည်းစည်းလုံးလုံးကျော်ဖြတ်ပါက အခက်အခဲအကျပ်အတည်းများကြားမှ အမြန်ဆုံးရုန်းထွက်နိုင်မည်ဖြစ်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် ထမ်းဆောင်နေရသည့် ကိုယ်စီတာဝန်များအပြင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စဉ်ဆက်မပြတ် မျက်စိဖွင့် နားကိုစွင့်ထားကြရန် တိုက်တွန်းမှာကြားသည်။
ထို့ပြင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်၏ ကာကွယ်ရေးအရန်အင်အားစုကြီးဖြစ်ကာ တပ်မတော်မှအငြိမ်းစားယူပြီးနောက်တွင်လည်း “တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင်အမြဲတမ်း စစ်သားပင်”ဆိုသည့် စကားနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လိုအပ်ချိန်တိုင်း နိုးကြားတက်ကြွစွာတာဝန်ထမ်းဆောင်နေကြသဖြင့် ဝမ်းသာဂုဏ်ယူသည်ဟု ပြောသည်။
“မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဆိုတာ တပ်မတော်သားဟောင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ပြည်သူတွေနဲ့ အမြဲထိတွေ့မှုရှိနေတဲ့အတွက် တပ်မတော်နဲ့ပြည်သူကြားမှာ ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားကြရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်လောင်းမှာကြားသည်။
ထို့အတူ တပ်မတော်သားဟောင်းများဖြစ်၍ တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အား ဗဟိုဌာန ချုပ်ရုံး၊ တိုင်း/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့(၂၁)ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ (၃၀၈)ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး စစ်မှုထမ်းဟောင်းရေးရာများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကာ ရည်ရွယ်ချက်(၄)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၇)ရပ်တို့ချမှတ်ပြီး တပ်မတော်၏ အရန်အင်အားအဖြစ် နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသလုံခြုံရေးနှင့် ပြည်သူ့အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးကဏ္ဍများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်