စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟွေထိုက် ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ စီမံကိန်း၌ အမြင့် (၈၂)ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား (၁၇၈၃) ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ယင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ် ပျှမ်းမျှဓာတ်အား ၂၁ ကီလိုဝပ်နာရီသန်းခန့်ကို ထုတ်လွှတ်ပေးနိုင်မည်ဖြစ်၍ လက်ရှိအချိန်တွင် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။