ဘာရယ်လို့မဟုတ်၊ အကြောင်း ဘာရယ်လို့မဟုတ်၊ အကြောင်း ထူးလည်း မဟုတ်ပါချေ။ နေ့စဉ်နှင့်အမျှပင် လှုပ်ရှားသွားလာ ဖြတ်သန်း နေကြရသောလမ်းတွေ ပေါ်မှာ တွေ့မိမြင်မိတာလေးတွေပါ။ အစပထမတော့ မှတ်မှတ်ထင်ထင် သတိရယ်လို့ မထားခဲ့မိပါပေ။ တဖြည်း ဖြည်းနှင့် အတွေ့ရများလာသောအခါ သူတို့လေးတွေအကြောင်းကို စိတ်ဝင်စားလို့ လာရပါသည်။
စာရေးသူတို့ အပါအဝင် လော ကလူသားတို့သည် မနက်မိုးလင်းမှ မိုးချုပ်သည့်တိုင် မိမိတို့နေအိမ်များမှ ဦးတည်ရာနေရာဌာနများသို့ သွား လာကြရသည်တွင် လမ်းများနှင့် နေ့ တဓူဝမကင်းနိုင်ကြပေ။ လမ်းဟုဆို ရာတွင်လည်း လမ်းမများ၊ လမ်းသွယ် များ၊ လမ်းကျယ်များ၊ လမ်းကျဉ်းများ စသည်ဖြင့် အသီးသီးဖြတ်သန်း သွား လာကြရပါသည်။
ဤသို့သွားလာရသည်တွင် ခြေ လျင်တစ်ဖုံ၊ စက်ဘီးဆိုင်ကယ်နှင့် တစ်မျိုး၊ ကားရထားစသည် တစ်လီ အမျိုးမျိုးဖြင့် အသုံးပြုကြရသည်ပင်။ မည်သို့ မည်ပုံသွားလာသည်ဖြစ်စေ လမ်းနှင့် ၄င်းလမ်းတို့အပေါ် ဖြတ်သန်းသွားလာနေကြသူ သက်ရှိအပေါင်းကတော့ ထိစပ်ပတ်သက်နေ မည်မှာ အသေအချာပင်။ လမ်းနှင့် လမ်းအသုံးပြုသူတို့၏ ရှောင်လွှဲမရသော ဓမ္မတာလည်း ဖြစ်နေပြန်ပါ သည်။ လမ်းကောင်း၊ လမ်းညံ့၊ လမ်း ဘေးဝဲယာရှိ သစ်ပင်၊ ပန်းမန်မြက်ခင်း၊ အဆောက်အဦ၊ တံတိုင်းစသည်တို့ကတော့ ယေဘုယျသဘော အခင်းအ ကျင်းများဖြစ်ပါ၏။ လမ်း၏အနိမ့် အမြင့်၊ အကွေ့အကောက်အဖြောင့် တို့ဖြင့်လည်း ပသာဒကိုဖြစ်စေပါ၏။ သဲလမ်း၊ မြေလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းတို့ဖြင့်လည်း အမျိုးစုံ လင်စွာတွေ့ကြုံရမည်လည်းဖြစ်ပါ၏။ လမ်းဘေး အရိပ်ရပင်များ၊ အလှစိုက်ပျိုးပင်များ၊ မြက်ခင်းများဖြင့် တန်ဆာဆင်ထားသည်ကိုလည်း တွေ့မြင်နိုင်ပါ၏။
မိမိတို့ သွားလာနေကျလမ်းဖြစ်ပါမူ မသိစိတ်ကပင် လမ်းအကြောင်း ကို သိရှိနေပေလိမ့်မည်။ ဘယ်နေ ရာက ချိုင့်ကလေး၊ ဘယ်နေရာကအကွေ့၊ ဘယ်နေရာမှာ ဘာအပင်၊ ဘယ်အဆောက်အဦ စသည်စသည်ဖြင့် အလိုအလျောက် မှတ်မိနေသည်မှာ ထူးဆန်းသလိုလိုပင် ဖြစ်ပါသည်။
အဆိုပါလမ်းများကိုပင် အမည်နာမ အမျိုးမျိုးဖြင့် သတ်မှတ်ခေါ် ဆိုကြရ ပါသည်။ အချို့လမ်းများက နိုင်ငံ သမိုင်းတွင် ထင်ရှားခဲ့ ကြသည့် ပု ဂ္ဂိုလ်များကို ဂုဏ်ပြုခေါ်ဆိုထားကြပါ သည်။ အချို့လမ်းများက ဒေသ အမှတ်အသား သရုပ်သကန်များကို အစွဲပြုကာ သတ်မှတ်ထားကြပါသည်။ အချို့လမ်းများမျာတော့ ပန်းနာမည် အမျိုးမျိုးဖြင့် မှတ်သားခေါ်ဆိုကြ ပါသည်။ အချို့လမ်းများမှာ ကိန်း ဂဏန်းအစဉ်ဖြင့် မှတ်တမ်းတင်ကာ ခေါ်ဆိုကြရပါသည်။ အချို့ လမ်းများ မှာတော့ လမ်းနာမည်ရယ်လို့မည်မည်ရရမရှိသည်များလည်း တွေ့ရ ပါသည်။
လမ်းဋီကာကို ချဲ့ပြီးသကာလ စာရေးသူ၏ ဘဝင်ကို အတန်ငယ် လှုပ်ခတ်စေခဲ့သည့် အကြောင်းချင်း ရာကို တင်ပြပြောဆို မှာဖြစ်ပါသည်။ ဤစာစု၏ အစပိုင်းတွင် ဖော်ပြခဲ့သ လို ထူးဆန်းထွေပြားသည့် အကြောင်း အရာတစ်ခုလည်း မဟုတ်ပါဟု ကြို တင်ကာ အသိပေးထားပြီးလည်းဖြစ်ပါသည်။ စာရှုသူအနေနှင့် ရယ်သွေး သွမ်းမှာကိုတော့ စဉ်းငယ်စိုးရိမ်စိတ် အမှန်ပင် ဖြစ်မိပါသည်။
စာရေးသူမှာ ဟိုနားသည်နား စသည့်အနီးအနားဆိုလျှင် ခြေလျင်သွားပါသည်။ ဝေးဝေးလံလံဆိုရင်တော့ စီးတော်ယာဉ်ဆိုင်ကယ်နှင့် သွားပါသည်။ များသောအားဖြင့် ခြေလျင်ထက် ဆိုင်ကယ်နှင့်သွားလာ သည်က ပို၍များပါသည်။
ဤသို့သွားရင်း လာရင်း၊ ဆိုင်ကယ်စီးနင်းရင်း လမ်းပေါ်သို့မဟုတ် လမ်းဘေးတွင် မကြာခဏဆိုသလိုတွေ့ မြင်ပါများတော့ သတိထားမိလာရပါ သည်။ တွေ့မြင်ကာစမှာမူ အထူးအထွေ မှတ်မှတ်သားသား မရှိသေးပါ။ နောက်များတွင် တဖြည်းဖြည်း စိတ်ဝင်တစားရှိလာရပါသည်။ ၄င်းအရာ ဝတÄုလေးတွေအပေါ်တွင်လည်း စဉ်း စားဆင်ခြင်မိကာ အတွေးလည်းပွား မိပါသည်။ ယင်းတို့၏ နောက်ကြောင်းရာဇဝင်ကိုလည်း စေ့ငုကာ ဆက်စပ်ခန့်မှန်းရသော အလုပ်တစ်ခုပင် ပိုလိုက်ပါသေးသည်။ ထိုအရာ ဝတ္ထုလေးများကား သက်ရှိမဟုတ်၊ သစ်ပင်ပန်းမန်တို့ မ ဟုတ်၊ လမ်းပေါ်ပြုတ်ကျကျန်ရစ်ခဲ့ ကြရရှာသော ယာဉ် အမျိုးမျိုးမှ မူလီ တိုင်၊ မူလီခေါင်းလေးတွေနှင့် ဝါရှာ ပြားလေးတွေပင် ဖြစ်ပါတော့သည်။ ၄င်းတို့တစ်တွေမှာ လမ်းပေါ်သို့ မိ ခင်ယာဉ်တို့မှ ပုံစံအမျိုးမျိုးဖြင့် စွန့် ခွာခဲ့ကြကာ လမ်းပျော်များဖြစ်နေကြလေသည်။ အချို့မှာ စက်ဘီးဆိုင်ကယ်များမှဖြစ်သလို အချို့မှာ ကား ထော်လာဂျီ သုံးဘီးဆိုင်ကယ်တို့မှ လည်း ဖြစ်နိုင်ကြသည်။ မူလကတော့ မိမိတို့၏ မိခင်ယာဉ်တို့နှင့် ကပ်ကပ်ချပ်ချပ် ဖြစ်နေပါ၏။ နောင်ကြာလာသောအခါ ယာဉ်၏တုန်ခါမှုနှင့် လှုပ်ရှားမှုတို့ကြောင့် ကြပ်ရာမှချောင်၊ ချောင်ရာမှပြုတ်ထွက်ကာ လမ်းပေါ် သို့ရောက်ရှိလာကြပေသည်။ ဆိုခဲ့ပါ မူလီတိုင်လေးတွေ၊ မူလီခေါင်းလေးတွေနှင့် ဝါရှာပြားလေးတွေမှာ လမ်း ပေါ်တွင် နေရာ အနှံ့ပြန့်ကျဲလို့နေပါ သည်။ နေ့စဉ်နှင့်အမျှ လမ်းတွေပေါ် တွင် ဥဒဟိုဖြတ်သန်းနေကြသော ယာဉ်တို့မှမတော်တဆ ပြုတ်ထွက်ကြရသဖြင့်လည်း အတွေ့ရများခြင်း ပင်ဖြစ်ပါလိမ့်မည်။ ၄င်းတို့အများစု မှာ ဆိုင်ကယ်မျိုးစုံတို့မှ ပြုတ်ထွက်ကျတာများဖြစ်မည်ဟု စာရေးသူ ခန့်မှန်းမိပါသည်။ ယနေ့ ခေတ်ကာလသည် ဆိုင်ကယ်အသုံးပြမှု များပြားလာနေသည်ကိုး။ ထို့ပြင် ထိုဆိုင်ကယ်အတော်များများမှာ လည်း သစ်သစ်ဟောင်းဟောင်း ကြံ့ ခိုင်မှုအားနည်းကာ ဈေးပေါပေါ နှင့် လူတိုင်းနီးပါး ဝယ်ယူစီးနင်းနိုင်ကြသော အနေအထားတွင် ရှိသည်ကလည်း တစ်ကြောင်းဖြစ်ပါသည်။ စက်ဘီးများမှ ပြုတ်ကျ ကျန်ရစ်မှုကတော့ နည်းပါးပါလိမ့်မည်။ စက်ဘီး ဖြင့် သွားလာသူတို့မှာ အရင်ကလို ပေါပေါများများ မတွေ့ရတော့ပေ။ ကားများမှ ပြုတ်ကျကျန်ခဲ့ဖို့မှာလည်း ရာခိုင်နှုန်းအားဖြင့် မများနိုင်ပါပေ။ ထော်လာဂျီနှင့် သုံးဘီးဆိုင်ကယ်တို့မှ ဖြစ်နိုင်ချေကတော့ အနည်းငယ် ရှိနိုင်ကောင်းပါသည်။ ထိုပြုတ်ကျ ကျန်ရစ်ခဲ့သည်များကို တွေ့မြင်ရလေတိုင်း စိတ်ထဲတွင် စိုးရိမ်စိတ်ကလေး ဖြစ်မိပါသေးသည်။ ယာဉ်ကို အန္တရာယ် ဖြစ်စေနိုင်သော အစိတ်အပိုင်းမှ ပြုတ်ကျကျန်ခဲ့တာ မျိုးမဖြစ်ပါစေနှင့်ဟုလည်း အခါခါ ဆုတောင်းရပါသည်။ သာမန် အပရိကအရေးမပါလှသော နေရာကသာ ဖြစ်ပါစေဟုလည်း အကြိမ်ကြိမ်ဆုတောင်း ရပါသည်။ ယင်းတို့၏ မူလယာဉ်နှင့်ထို ယာဉ်ပိုင်ရှင်တို့အပေါ် ရမ်းရော်ပြီး စိုးရိမ်စိတ်ကလေး ဖြစ်ရပါသေးသည်။ အန္တရာယ် ကင်းပါစေကြောင်းကို လည်း မေတ္တာတရားပွားရပါသေးသည်။ တစ်ဖန်ကျန်ရစ်ရှာကြသော လမ်းပေါ်ရောက် မူလီတိုင်လေးများကိုလည်း အသေအချာရှုကြည့်ကြပါဦး။ အများစုမှာ အရစ်လေးတွေပြုန်းလို့။ ကျရာနေရာမှာ ကျရာတာဝန်ကို သက်တမ်းစေ့ထမ်းဆောင်ကြပြီး နောက် တဖြည်းဖြည်းနှင့် အရစ်များ ပြုန်းလိုက်လာကြရှာတော့သည်။ သို့နှင့် မူလနေရာမှ ဖဲကြဉ်ကာ လမ်း ပေါ်သို့ အန္တိမလမ်းဆုံးအနေနှင့် ရောက်ရှိခဲ့ကြခြင်းဖြစ်လေသည်။ မလိုတော့၍ စွန့်ပစ်ခံရခြင်းမျိုးတော့ မဟုတ်တန်ရာ။ လောကဓံအထုအထောင်းကြောင့်မခံနိုင်သည့်အဆုံးတွင် ပျက်ပြုန်းကာဖြင့် ပင်စင်ယူလိုက်ကြ ခြင်းပင် မဟုတ်ပါလော။
ထိုနည်းနှင်နှင်ပင် မူလီခေါင်းလေးတွေကလည်း လမ်းမထက်သို့ သက်ဆင်းလာကြရရှာကုန်၏။ နှစ်ကိုယ်တူ ကြည်ဖြူစဉ်အခါက မူလီ တိုင်လေးများနှင့် မူလီခေါင်းလေး များမှာ နှစ်ကိုယ့်တစ်စိတ်၊ အမြဲယှဉ်ပါ တတွဲတွဲနှင့်။ အကြောင်းကြောင်း ကြောင့် မူလီခေါင်းလေးများမှာ အ ကြိမ်ကြိမ်အခါခါ တပ်လိုက် ချွတ်လိုက် ဖြင့် အရစ်များပြုန်းလာကြရရှာပြီ။ ထောင့်လေးတွေမှာလည်း ခွများ၏ နှိပ်စက်ကလူပြုမှုကြောင့် ထောင့်ချိုးတွေပြေကာ အဝိုင်း သဏ္ဍာန်နီးနီး ဘဝပြောင်းလို့နေပါ၏။ ဤသို့ဖြင့် အဆုံးတစ်နေ့၌ အရစ်ချောင်လာ ကြကာ ကျွတ်ထွက်ရင်းလမ်းမပေါ် သို့သာ ရောက်လာကြ ပြန်သည်တ ကား။ ဝါလျှာပြားလေးများကလည်း မူလကတော့ ကပ်ကပ်ချပ်ချပ်ဖြင့် မိခင်ယာဉ်၏ခိုင်ခံ့မှုကို အားဖြည့်ကာ ထမ်းဆောင်ခဲ့ကြပါသည်။ မိမိတာဝန်ကျရာ အစိတ်အပိုင်းတို့မှာ ချွတ်ယွင်း ပျက်စီးလာသောအခါ သို့တည်း မဟုတ် ပတ်ဝန်းကျင်ပယောဂဒဏ်ရာ ဒဏ်ချက်တို့ကြောင့် သံချေးလိုက်ကာ ကောင်းမွန်မှုမရှိတော့လျှင် စွန့် ပစ်ခြင်းခံရတော့၏။ ဤသို့ဖြင့် လမ်း မထက်သို့ အပေါင်းအသင်း ရောင်း ရင်းတို့နှင့်အတူ ပြန့်ကျဲလျက်စံမြန်းနေကြလေတော့သည်။ စာရေးသူမှာ လမ်းတွေပေါ်မှ အဆိုပါပြုတ်ကျကျန်ရစ်ခဲ့ကြသော မူလီတိုင်၊ မူလီခေါင်း နှင့် ဝါရှာပြားလေး များကို တွေ့ရှိတိုင်း အမည်မသိ ခံစားမှုတစ်ခုကို အမြဲပင်ရင်ထဲမှာ ထိခိုက်လေ့ရှိပါသည်။ ၄င်း တို့အပေါ် ထားအပ်သောသဘော ထားတစ်ခုကိုလည်း ပြက်ပြက်ထင်ထင် မြင်မိပြန်ပါသည်။ စိတ်ရှိတိုင်း သာ လိုက်လံကောက်ယူသိမ်းဆည်း နိုင်ခဲ့ပါလျှင် ယင်းအပိုင်းအစလေး များမှာ အရေအတွက်တော်တော်များများ စုမိဆောင်းမိဖြစ်နေပေလိမ့် မည်။ သို့သော် လူအများမြင်ကွင်း တွင် ထိုသို့ပြုမူရန်မှာလည်း ဝန်လေး လျက်ပင် ရှိနေပါသေးသည်။ မည်သည့် နည်းနှင့်မျှ အပြစ်ဆိုစရာရှိမည်မ ထင်သော ထိုလုပ်ရပ်အတွက် စာရေး သူမှာ အားအတော်ယူရပါဦးမည်။ မိမိစိတ်ကိုလည်း အတိုင်းအတာတစ်ခု အထိ ရဲစွမ်းအောင်လေ့ကျင့်ယူရ ပါဦးမည်။
အကယ်၍ စာရေးသူချစ်ခင် တွယ်တာသော လမ်းမထက်က အ ရာလေးတွေကို ကောက်ယူစုဆောင်း မိပြီဖြစ်သော်…ယင်းတို့ကို သန့် စင်ဆေးကြောကာဖြင့်…”လမ်း မထက်က ပြုတ်ကျကျန်ရစ်သည်များ” ဟူ၍အမည်နာမပေးကာ အများပြည်သူကြည့်ရှုခံစားဖို့ရာအတွက် ရသတစ်ခုပေးစွမ်းနိုင်သော အင်စတော်လေး ရှင်းအတ်ဟူသည့် အနုပညာအစွမ်း ဖြင့်သူတို့လေးတွေ၏ အညတရဂုဏ်ကို ထုတ်ဖော်ပြသမည်ဖြစ်ပါကြောင်း …..။
ဆဏ်းဝင်းအောင်