ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ယနေ့ ဇူလိုင် ၉ ရက်(ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်ပူဇော်ခဲ့ကြသည်။
ဝါဆိုရွှေကြာသင်္ကန်းတော်များအား ကပ်လှူပူဇော်ခြင်းမပြုမီ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များက ရင်ပြင်တော်တစ်ပတ်လက်ယာ ရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရား၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန် ဆောင်းမုခ်(၄)မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကပ်လှူပူဇော်ခဲ့ကြသည်။
ထို့အတူ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်(ဓမ္မစကြာအခါတော်နေ့)ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြွရောက်၍ ဧည့်ပရိသတ်များအား ငါးပါးသီလပေးတော်မူခဲ့သည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဝါဆိုရွှေကြာသင်္ကန်းတော်များဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရွှေ တိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃာ့၀န်ဆောင်ဆရာ တော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမီုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
