ပြင်ပရွှေဈေးကွက်အတွင်း၌ သိန်း (၃၀) ကျော်အထိ ရွှေဈေးမြင့်တက်နေခြင်းကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဈေးကစားနေသူများကို စုံစမ်းဖော်ထုတ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရွှေဈေးတက်နေခြင်းသည် ရွှေငွေမရှိဘဲ ဈေးကစားနေသည့် လေပတ်ကားသမားများကြောင့်ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားထားသည်။
“ရွှေက ပြန်ရောင်းတာများတယ်။ ဝယ်တဲ့သူနည်းတယ်။ ဈေးကစားတဲ့ အဖွဲ့တွေကြောင့် ရွှေလည်းမရှိ၊ ငွေလည်းမရှိဘူး။ တချို့ကျလည်း viber ဂရုတွေနဲ့ ရွှေလည်းမပါ။ ငွေလည်းမပါဘဲ ကစားကြတာ။ အခုအဲဒါတွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးနေပြီ။ အသင်းအနေနဲ့ကတော့ ရွှေလက်ငင်းအရောင်းအဝယ်လုပ်ဖို့ ဘဏ်က ငွေကြေးဖြတ်သန်းဖို့၊ နယ်စပ်ဖြတ်ကျော်မရောင်းဖို့၊ ဈေးကစားတဲ့သူတွေ မရောင်းမိဖို့ ဒါပဲပြောလို့ရတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ယနေ့ မေလ (၃၁) ရက်တွင် ရန်ကုန်ရွှေအသင်းမှ အခေါက် ရွှေတစ်ကျပ်သားလျင် ၂၃၀၅၆၀၀ ကျပ် ဈေးသတ်မှတ်ထားသော်လည်း ပြင်ပရွှေဈေးမှာ ကျပ် ၃၀၄၀၀၀၀ ဝန်းကျင်ရှိနေကြောင်း ရန်ကုန်ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိ ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာ ၂၈၅၀ ကျပ်ဝန်းကျင်ကနေ ၂၉၁၀ မှ ၂၉၂၅ ကျပ်ကြား မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ရွှေဈေးအနေဖြင့် တစ်အောင်စလျင် အမေရိကန် ဒေါ်လာ ၁၉၅၇ ဒေါ်လာ ဖြစ် ကြောင်း သိရသည်။