ရွှေဆိုင်များအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောက်ချာဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယခင်ကတည်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောက်ချာကိုသာအသုံးရမည်ဟု အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
ယခုအခါအပြင်ဘောက်ချာကို အသုံးပြုသူများလည်းရှိနေကြောင်း သိရသည်။
” ဟုတ်တယ်။ သတ္ထုတွင်းကထုတ်ပေးတဲ့ဘောက်ချာ။ တခြားဘောက်ချာအသုံးပြုတာတော့မရှိပါဘူး။ အဲဒါက ဌာနလေးခုတင်ရတယ်။ အခွန်လည်းတင်ရတယ်။ ရောင်းတယ့်သူရောဝယ်တဲ့သူရောတင်ရတယ်။ သတ္ထုတွင်းလည်းတင်ရတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူစ်းသို့ ပြောသည်။
ရွှေဆိုင်များအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောက်ချာဖြင့်သာ ရွှေအရောင်းအဝယ်ပြုလုပ်ရတော့မည်ဖြစ်ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ယခင်က အသုံးပြုခဲ့သည့် ရွှေဆိုင်အမည်များ ရေးသားထားသည့် ဘောက်ချာများအစား ဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောက်ချာများနှင့်သာ အရောင်းအဝယ်ပြုလုပ်ရတော့မည်ဖြစ်သည်။
အဆိုပါ ဘောက်ချာကို ဝယ်ယူရခြင်းဖြစ်ပြီး တစ်အုပ်လျှင် ၁၅၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ယင်းဘောက်ချာတွင် ရွှေဆိုင်အမည်၊ ရွှေရောင်းသူ/ဝယ်သူအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ/ ဖုန်းနံပါတ် အစ ရှိသည်တို့ကို ဖြည့်သွင်းရမည်ဖြစ်သည်။
ထို့ပြင် ဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးမှာအနည်းငယ်ကျနေပြီး အရောင်းအဝယ်အေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
