ယခုနှစ်အတွင်း ကျင်းပတော့မည့် ရွေးကောက်ပွဲကာလ နီးလာသည်နှင့်အမျှ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာအကြောင်းများ ဆက်တိုက်မျှဝေနေကာ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းများကိုလည်း တိုင်းနှင့်ပြည်နယ်အများစုတွင် ဆက်တိုက်ပြုလုပ်နေသည်။
လတ်တလောတွင်လည်း မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ယမန်နေ့ (ဇူလိုင်၂)က ကျင်းပခဲ့သည်။
ထိုမှ တဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၏ အစီအမံ၊ ခရိုင်/ မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ၏ ကြီးကြပ်မှုတို့ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းများကို မြို့နယ်အသီးသီးတွင် ဆက်လက်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် မဲပေးရမည်ဖြစ်ကာ မိုက်ထရို ကွန်ထရိုလာ စနစ်ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသည့် စနစ်ပါပြီး ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲ စနစ်နှင့် ကိုက်ညီသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေသည်။
