လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးနှင့်ပတ်သက်ပြီး နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှတဆင့် ဟောပြောတင်ပြချက်များကို အောက်တိုဘာ (၂၈)ရက်မှ ဒီဇင်ဘာ(၂၆)ရက်အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ(၂၅)ရက်တွင် အသိပေးကြေညာထားသည်။
နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ဟောပြောတင်ပြနိုင်ရန်အတွက် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဟောပြောတင်ပြည်ချင်သည့် နိုင်ငံရေးပါတီများအနေဖြင့် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် အောက်တိုဘာ(၁၅)ရက် နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ဟောပြောမည့် စာမူနှင့်အတူ ခွင့်ပြုမိန့်လျောက်ထားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
လျောက်ထားရမည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များမှာ မဲဆွယ်စည်းရုံးခြင်းမပြုလုပ်လိုပါကလည်း မပြုလုပ်လိုကြောင်း အကြောင်းကြားစာပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
လျောက်ထားကြသည့် နိုင်ငံရေးပါတီများအနေဖြင့် အလှည့်ကျဟောပြောတင်ပြနိုင်ရန်အတွက် ရရှိသည့် နေ့ရက်အချိန် ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညိနှိုင်းသတ်မှတ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
