ရွေးကောက်ပွဲ ဖြစ်မြောက်စေမည့် ပတ်ဝန်းကျင်ကိုဖန်တီးကြရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားလိုက်သည်။
“မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်ပွဲကို အဆင်ပြေချောမွေ့စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ သက်ဆိုင်သူအားလုံး အထူးသဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ယနေ့(ဇူလိုင်လ ၉ ရက်နေ့) တွင် ကျင်းပပြုလုပ်သော ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းက လန်ကာဝီတွင် ပြုလုပ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်မူ မြန်မာအစိုးရအနေဖြင့် ရွေးကောက်ပွဲကို တွန်းအားပေးနေသည်ထက် တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်သဘောတူညီချက်ရရေးကို ဦးစားပေးဆောင်ရွက်ရန် မြန်မာအစိုးရကို အာဆီယံက တိုက်တွန်းခဲ့သည်။
မိုဟာမက်၏ ပြောစကားကြောင့် အာဆီယံဥက္ကဌ မလေးရှားနိုင်ငံအနေဖြင့် တပ်မတော်က စီစဉ်သော ရွေးကောက်ပွဲကို ယခုအခါ လက်ခံသည့်သဘောထားကိုပြခဲ့ခြင်းလားဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရ သေးပေ။
အပစ်အခတ်ရပ်စဲရေး ထုတ်ဖော်ကြေညာမှုများကို ခိုင်မာသည့်လုပ်ဆောင်ချက်များဖြင့် ပြောင်းလဲရန်လည်း မိုဟာမက်က တောင်းဆိုခဲ့သည်။
“အာဆီယံအနေနဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုတွေ ရှိနေပေမယ့်လည်း လက်တွေ့မှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးကြန့်ကြာနေခြင်းဟာ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို တာရှည်စေပြီး ဒေသတွင်းလုံခြုံရေးကိုလည်း အန္တရာယ်ဖြစ်စေပါတယ်” ဟု ၎င်းက ပြောသည်။
“မြန်မာကိုယ်တိုင်ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖြေရှင်းချက်ရရှိရေးဆီသွားတဲ့ လမ်းကြောင်းကို အာဆီယံက ဆက်လက်ထောက်ခံသွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Ref: ဖရီးမလေးရှားတူဒေး
