၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နှင့် ဇန်နဝါရီ ၂၅ ရက်တို့က နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့သည်။
ထိုသို့ ကျင်းပရာ၌ ရန်ကုန်တိုင်းရှိ မြို့နယ်ပေါင်း(၄၅) မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၄,၉၃၈,၈၂၃)ဦးအတွက် မဲရုံ(၃,၇၈၄)ရုံဖွင့်လှစ်ခဲ့ကာ နိုင်ငံရေးပါတီ(၂၀) နှင့် တစ်သီးပုဂ္ဂလ(၄၆)ဦးတို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း(၉၈၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ရန်ကုန်တိုင်း၌ ရွေးကောက်ပွဲအပိုင်း(၁)ကို ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြို့နယ်တို့တွင် မဲရုံ(၁,၃၁၃)ရုံ၊ ရွေးကောက်ပွဲအပိုင်း(၂)ကို ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်များတွင် မဲ ရုံ(၁,၁၇၁)ရုံဖွင့်လှစ်ကျင်းပခဲ့ကြသည်။
ထို့ပြင် ရွေးကောက်ပွဲအပိုင်း(၃)ကို ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ(အနောက်ပိုင်း) နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်များတွင် မဲရုံ (၁,၃၀၀)ရုံဖွင့်လှစ်ကျင်းပခဲ့သည်။
ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို စတင်အသုံးပြုခဲ့ပြီး ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့အပါအဝင် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ပြည်တွင်း/ပြည်ပ မီဒီယာများစောင့်ကြည့်လေ့လာသတင်းယူခဲ့ကြသည်။
