ယခုနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် တရုတ်အဖွဲ့ကို ဖိတ်ကြားလိုကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဖိတ်ခေါ်ထားသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၄) ရက်တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ သည် ယူနန်ပြည်နယ် အန်းနင်မြို့ (Anning) ၌ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည်။
ထိုကဲ့သို့တွေ့ဆုံစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တည်မြဲစွာကျင့်သုံးကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအမံ (၃)ရပ်ကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် တရုတ်နိုင်ငံမှပေးအပ်သည့် အဖိုးတန်ထောက်ပံ့ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတော်အရေးပေါ်အခြေအနေကို ရပ်စဲထားပြီဖြစ်ကာ ယခုနှစ်နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အပြုသဘောဆောင်စွာ ပြင်ဆင်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို အေးချမ်းစွာ၊ တည်ငြိမ်စွာ၊ ချောမွေ့စွာနှင့် ယုံကြည်စိတ်ချရစွာကျင်းပရန် အားထုတ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် တရုတ်အဖွဲ့ကို ဖိတ်ကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် Mr. Wang Yi ကလည်း ယခုနှစ်သည် တရုတ်-မြန် မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ဤအခွင့်အရေးကိုအသုံးချ၍ တရုတ် – မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းစွာအကောင်အထည်ဖော်သင့်ကြောင်း ပြောကြားသည်။
နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီပြီး ပြည်သူများ၏ ထောက်ခံမှုရရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် မြန်မာနိုင်ငံကိုထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေး၊ လွတ်လပ်ရေးနှင့် နိုင်ငံတော်စည်းလုံးညီညွတ်ရေးကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အစီအစဉ်များကို တည်ငြိမ်စွာအကောင်အထည်ဖော်ခြင်းကို ထောက်ခံကြောင်းလည်း မစ္စတာ
ဝမ်ယိ ကပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား တတ်စွမ်းသမျှထောက်ပံ့ကူညီမှုများကို အစဉ်အမြဲပေးအပ်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်အလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးချမှတ်သင့်ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးဒဏ်ခံစားရသည့် ပြည်သူများပုံမှန်ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝများကို အမြန်ဆုံးပြန်လည်ရရှိစေရန် ကူညီသင့်ကာ တရုတ် – မြန်မာ ချစ်ကြ ည်ရေး၏ နွေးထွေးသောမေတ္တာကို ခံစားရစေရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးရန် မျှော်လင့်မိကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကို နောက်ထပ်တစ်ဆင့်တိုက်ဖျက်ကာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်မိကြောင်း၊ တံခါးဖွင့်၍အားလုံးပါဝင်သောစိတ်သဘောထားရှိပြီး ပြည်သူများ၏ စိတ်ဓာတ်ကိုစည်းရုံးရန် အလေးထားသင့်ကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း၊ ပထမတစ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူများ၏ဆန္ဒအတိုင်းနိုင်ငံတော်ကိုအုပ်ချုပ်ရန်၊ ဒုတိယတစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပြီး အကျယ်ပြန့်ဆုံးသော စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်၊ တတိယတစ်ချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုဆောင်ရွက်ကာ ပြည်သူများ၏လူမှုဘဝအဆင့်အတန်းကိုမြှင့်တင်ရန် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
