လက်ရှိတွင် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျ-က်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အား အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်၍ ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျ-က်ဆီးမည့်သူများကို ဥပဒေနှင့်အညီ ပူးပေါင်းဟန့်တားဆန့်ကျင်သွားရန်လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံအား ပေး၍ ထောက်ပံ့ပစ္စည်းပေးအပ်ချိန်မှာ ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး မဲပေးခွင့်ရအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရမည့်အပြင် ပြည်သူ များအနေဖြင့်လည်း မဲပေးကြရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
နောင်ချိုမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့်အတူ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာ(၂၈)ရက်တွင် အပိုင်း (၁)စတင်ကျင်းပမည်ဖြစ်ပြီး မြို့နယ် (၁၀၂) မြို့နယ်တွင် စတင်လုပ်ဆောင်မည်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
