တိုင်ဖွန်းမုန်တိုင်း”ကာဂျိကိ”အရှိန်ကြောင့် သြဂုတ် ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများမြင့်တက်ခဲ့သဖြင့် နေပြည်တော်နှင့် မန္တလေးတိုင်းရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ မန္တလေး-နေပြည်တော်ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက်လမ်းအမှတ်(၂)၏ မိုင်တိုင်အမှတ် ၁၂၂/၆ နှင့် ၁၂၂/၇ ၊ မိုင်တိုင်အမှတ် ၁၂၃/၄ နှင့် ၁၂၃/၅ တို့အတွင်း ရေကြီးရေလျှံမှုကြောင့် လမ်းတာပေါင်ရေ တို-က်စားပျ-က်စီးခဲ့သည်။
ထို့ပြင် မိုင်တိုင်အမှတ် ၁၂၈/၃ နှင့် ၁၂၈/၄ အတွင်း ရေတိုက်စား၍ ရမည်းသင်းဘက်ခြမ်း လမ်းတာပေါင်နှင့် ချဉ်းကပ်လမ်း၊ ရေဦးတံတား၏ ချဉ်းကပ်လမ်းထိပ်(၁၀)ပေခန့်တို့သည်လည်း လမ်းသားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် လမ်းဦးစီးဌာနမှတာဝန်ရှိသူများက ဩဂုတ် ၂၇ ရက်မှစတင်ကာ ပြန်လည်ပြုပြင်ခြင်း၊ ခင်းကြိတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသဖြင့် မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်သည်။
