မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် သူ၏ မိတ်ဆွေ ဗလာဒီမာပူတင်အား မွေးနေ့အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ထာဝရချစ်ကြည်ရေးနှင့် မဟာမိတ်ဆက်ဆံရေးများ ဆက်လက်တည်မြဲနေမည်ဟု ယုံကြည်ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က သတင်းထုတ်ပြန်ခဲ့သည်။
“ကြီးကျယ်ခမ်းနားသည့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်တဲ့ နှစ်နိုင်ငံကြားက မဟာမိတ်ဆက်ဆံရေးဟာ ကျွန်ုပ်တို့နှစ်ဦးရဲ့ နွေးထွေးတဲ့ မိတ်ဆွေရင်းချာဆက်ဆံရေးနဲ့ ခိုင်မာတဲ့ ရဲဘော်အချင်းချင်း သံယောဇဉ်ကြောင့် အနာဂတ်မှာလည်း မပြောင်းမလဲ ဆက်လက်ရှိနေမှာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစွာ တွန်းအားပေးကာ တရားမျှတပြီး ကမ္ဘာ့အင်အားဝင်ရိုးစွန်းမျိုးစုံရှိတဲ့ ကမ္ဘာ့စနစ်တစ်ခုကို ထူထောင်ရာမှာ ကြီးမားစွာ အထောက်အကူပြုမယ်လို့ ကျွန်တော် မယုံကြည်ဘဲ မရှိပါဘူး” ဟု ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။
“ရုရှားပြည်သူများ၏ အမျိုးသား အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ခိုင်မာမှုနှင့် လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် တရားမျှတသည့် ရုန်းကန်လှုပ်ရှားမှုကို မြောက်ကိုရီးယားက အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် DPRK နှင့် ရုရှားအကြား ချုပ်ဆိုထားသည်ြ နိုင်ငံအချင်းချင်း သဘောတူညီချက်ကို နောင်အနာဂတ်တွင်လည်း ညီအစ်ကိုဝတ္တရားတစ်ရပ်အနေနှင့်သစ္စာရှိစွာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း”တို့ကိုလည်း ကင်က ပူတင်အား အာမခံ ပြောကြားခဲ့သည်။
“ပြုံယမ်းနဲ့ မော်စကိုဟာ အမြဲတမ်း အတူရပ်တည်နေမှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ချစ်ကြည်ရေးဟာ ထာဝရတည်မြဲနေမှာပါ” ဟု မြောက်ကိုရီးယားခေါင်းဆောင်က နိဂုံးချုပ် ပြောကြားခဲ့သည်။
ရုရှားသမ္မတသည် အောက်တိုဘာလ ၇ ရက်နေ့တွင် ၎င်း၏ ၇၃ နှစ်မြောက် မွေးနေ့ကို ကျင်းပနေခြင်းဖြစ်သည်။
