ရုရှားနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားရမည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“ရုရှားနဲ့ စေ့စပ်ညှိနှိုင်းဖို့ တံခါးဖွင့်ထားခြင်းအားဖြင့် ကျွန်တော်တို့ မှန်ကန်တဲ့အရာကို လုပ်ဆောင်နေတဲ့ သဘောကိုဆောင်ပါတယ်” ဟု မက်ခရွန်က ပြင်သစ်နိုင်ငံထုတ် La Tribune နေ့စဉ်သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ဒီလိုမှမဟုတ်ရင် နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေရယ်၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရယ်ကို ကျနော်တို့ စွန့်လွှတ်ရလိမ့်မယ်”ဟုလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခပြီးဆုံးပြီးနောက် ဥရောပနိုင်ငံများသည် ရုရှားနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်သင့်သည်ဟုလည်း ပါရီမြို့ရှိ ဆော်ဘွန်း တက္ကသိုလ်တွင် ဧပြီလနှောင်းပိုင်းဝယ် မက်ခရွန်က ပြောကြားခဲ့သေးသည်။
နည်းပညာစွမ်းရည်များနှင့် ရုရှားပဲ့ထိန်းဒုံးကျည်များ၏ ပစ်လွှတ်နိုင်မှုအကွာအဝေးသည် ဥရောပနိုင်ငံများအတွက် အန္တရယ်ရှိနေသည်ဟုလည်း မက်ခရွန်က ဆိုသည်။
“ယူကရိန်းအကြောင်းပြောရင် ဒီနိုင်ငံဟာ ကျွန်တော်တို့နယ်နိမိတ်ကနေ ကီလိုမီတာ ၁၅၀၀ (၉၃၂ မိုင်ကျော်) အကွာမှာ တည်ရှိတာကြောင့် ဥရောပနိုင်ငံတွေ ဘေးကင်းရေးက ပိုပြီးအရေးကြီးပါတယ်” ဟု သူက မှတ်ချက်ပြုခဲ့သည်။ “တကယ်လို့ ရုရှားသာ အနိုင်ရခဲ့ရင် ရိုမေးနီးယား၊ ပိုလန်၊ လစ်သူယေးနီးယား ဒါမှမဟုတ် ကျွန်တော်တို့ ပြင်သစ်နိုင်ငံအတွက် စက္ကန့်ပိုင်းအတွင်း လုံခြုံမှုကင်းမဲ့သွားပါလိမ့်မယ်”ဟုလည်း မက်ခရွန်ကပြောသည်။
“ရုရှားပဲ့ထိန်းဒုံးကျည်တွေရဲ့ စွမ်းအားနဲ့ ထိရောက်မှု အကွာအဝေးဟာ ကျွန်တော်တို့အားလုံးကို အန္တရာယ်ဖြစ်စေပါတယ်” ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့သည်။
ရုရှားသမ္မတပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်ကမူ ရုရှားသည် ဥရောပရှိမည်သူ့ကိုမျှ ခြိမ်းခြောက်မှုမရှိကြောင်း အစောပိုင်းကပင်လျှင် ပြောကြားခဲ့သည်။