ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ် ကွက်ရှိ 32nd Beauty Land Hotel ၌ ရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးအားသတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား အခင်းဖြစ်ပြီး ၂၄ နာရီအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်သည် အောက်တိုဘာ ၆ ရက်နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ် (၅၀၂)၏ ပြတင်းပေါက်အပြင်ဘက် Air Con Outdoor စင်ပေါ်တွင် ယုနစ်နှစ်ခုကြားနေရာတွင်ပလပ်စတစ်အမှိုက်အိတ်အပြာအတွင်း၌ ခုတ်ထစ်သတ် ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအ တွက် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၉၆/၂၀၂၅၊ ရာဇ သတ်ကြီးပုဒ်မ- ၃၀၂ ဖြင့်အမှုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သေဆုံးသူအမျိုးသမီးသည် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း(၂၃)နှစ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ် (၇)အရှေ့ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အေမွန်အောင် (၁၈)နှစ်တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့နောက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ၎င်းတို့နှစ်ဦးအား အောက်တိုဘာ ၇ ရက်နေ့နေ့လယ်ပိုင်းတွင်ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်၏နေအိမ်မှ ပြစ်မှုကျူး လွန်စဉ်ဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား(၂)ချောင်း၊ သေဆုံးသူကိုင်ဆောင်သော ဖုန်းအပါအဝင် ဖုန်း(၃)လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ အောင်ခန့်ကျော်ဇင်သည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှုလေ့ရှိရာ သေဆုံးသူ မစုမြတ်ဝင်းနှင့်ပျော်ပါးနေစဉ် ရုပ်ရှင်ဇာတ်ဝင်ခန်းများအတိုင်း မစုမြတ်ဝင်းအား စတီးဓား(၂)ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူစွန့်ပစ်ပြီး ရည်းစားဖြစ်သူ အေမွန်အောင်နှင့်အတူ အခန်းအတွင်းပေကျံနေသည့် သွေးများအားသန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူနှင့် ပူးပေါင်းပါဝင်သူတို့အား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
