ကြီးထွားလာသောဘရစ် အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် တနင်္ဂနွေနေ့တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး၌ တွေ့ဆုံကြမည်ဖြစ်ကာ ကွဲလွဲမှုများပြားနေသော ကမ္ဘာတွင် နိုင်ငံပေါင်းစုံ ခုခံကာကွယ်မှုအဖြစ် ရပ်တည်လာရင်း အစဉ်အလာ အနောက်တိုင်းအဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အနှောင့်အယှက်ဖြစ်စေသော အမေရိကဦးစားပေးမူဝါဒနှင့် ဂျီ ၇၊ ဂျီ ၂၀ ကဲ့သို့ အဓိကစီးပွားအုပ်စုများ၏ ကွဲပြားမှုများကြောင့် အားနည်းလာချိန်တွင် ဘရစ် ၏ ချဲ့ထွင်လာမှုသည် သံတမန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်ကို ဖွင့်ပေးခဲ့သည်။
ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပြန်လည်ခေါင်းထောင်လာချိန်တွင် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ရန်နှင့် နိုင်ငံတကာ ဘဏ္ဍာရေးပုံသဏ္ဌာန်ကို ပြုပြင်ပြောင်းလဲရန်သည် ထွန်းသစ်စနိုင်ငံများပေါ်တွင် မူတည်သည်ဟု ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာဒါဆေးဗားက စနေနေ့တွင်ပြုလုပ်သည့် ဘရစ် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။
ယခုအခါ ဘရစ် နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်နှင့် ယင်း၏ စီးပွားရေးထွက်ကုန် ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဟု လူလာက မှတ်ချက်ပြုသည်။
ဘရစ် အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် ပြုလုပ်သည့် ၎င်း၏ ပထမဆုံး ထိပ်သီးအစည်းအဝေးတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ခေါင်းဆောင်များကို စုစည်းစေခဲ့သည်။ အဖွဲ့သည် နောက်ပိုင်းတွင် တောင်အာဖရိကကို ထပ်မံထည့်သွင်းခဲ့ကာ ပြီးခဲ့သည့်နှစ်တွင်မူ အီဂျစ်၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့ကို တင်းပြည့်အဖွဲ့ဝင်များအဖြစ် ပါဝင်လာစေခဲ့သည်။ ယခု အစည်းအဝေးသည် အင်ဒိုနီးရှားနိုင်ငံပါဝင်လာသည့် ခေါင်းဆောင်များ၏ ပထမဆုံး ထိပ်သီးအစည်းအဝေးဖြစ်သည်။
“အခြားသူတွေ ထားရစ်ခဲ့တဲ့ ကွက်လပ်ကို ဘရစ် က ချက်ချင်းဆိုသလို ဖြည့်ဆည်းပေးလိုက်တာပါပဲ” ဟု အမည်မဖော်လိုသူ ဘရာဇီးသံတမန်တစ်ဦးက ပြောဆိုသည်။ ဂျီ ၇ သည် ကြီးမားသော သြဇာအာဏာကို စုစည်းထားဆဲဖြစ်သော်လည်း တစ်ချိန်ကကဲ့သို့ အရေးပါမှုမရှိတော့ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Ref: Global Banking& Finance Review
