ရှမ်းပြည်နယ်တွင် မှီတင်းနေထိုင်သော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်များကို ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် (၁၃) ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာစုပေါင်းဒါန်းစီးပွဲတော်ကို ကျင်းပခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေးအာခါကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၃) ကြိမ်မြောက် အာခါရိုးရာစုပေါင်းဒါန်းစီးပွဲတော် အခမ်းအနားသို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံဌာနေ အာခါ လူမျိုးတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဒါန်းစီးပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အမှာစကားပြောကြားပြီး ဒါန်းစီးပွဲတော်နှင့်စပ်လျဉ်း၍ အာခါတိုင်းရင်းသား အကြီးအကဲ ဦးမင်းညို က ရှင်းလင်းတင်ပြကာ အာခါတိုင်းရင်းသား ကျေးရွာအကြီးအကဲမှ “ဒါန်းတော်” ကို အာခါ ရိုးရာဓလေ့ထုံးတမ်းနှင့်အညီ မင်္ဂလာပြုစီးနင်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အာခါယဉ်ကျေးမှု အဆိုအကများဖြင့် တင်ဆက်ခဲ့ကြပြီးနောက် တက်ရောက်လာသည့် ဧည့်သည်တော်များမှ “ဒါန်းတော်” ကို မင်္ဂလာပြုစီးနင်းခဲ့ကြကြောင်းလည်း သိရသည်။
Photo Credit – Ministry of Hotels and Tourism


