ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူရန်လျှောက်လွှာဝယ်ယူသူ (၃၀၀၀၀) ဝန်းကျင်ရှိပြီး လျှောက်လွှာပြန်တင်သူ (၂၇၀၀၀) ဝန်းကျင်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ယင်းတွင် ရောင်းချပေးမည့်အခန်းအရေအတွက်သည် ၉၀၀ ခန့်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၃) ရက်မှ စတင်ကာ (၂၁) ရက်အထိလျှောက်လွှာများကို ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နေရေး အခက်အခဲ ရှိသော ပြည်သူ ၊အငြိမ်းစားဝန်ထမ်းနှင့် တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းငယ်များကို အချိုးကျ ခွဲဝေ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတ်မှက်ထားသော တိုက်ခန်းတန်ဖိုးငွေကို တစ်လုံးတည်း အကြေပေးသွင်းခြင်း (သို့မဟုတ်) (၃)လအတွင်း အရစ်ကျပေးသွင်းရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ကြောင်းကော်မတီက အသိပေးထုတ်ပြန်ထားသည်။
ဝယ်ယူခွင့်ရရှိပြီး ငွေအကြေပေးသွင်းပြီးမှသာ တိုက်ခန်းလက်ရောက်ပေးအပ်မည်ဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူ အမည်ဖြင့် ငွေပေးသွင်းရမည်ဖြစ်ပြီး အမည်လွှဲပြောင်း၍ ငွေပေးသွင်းခြင်း၊ ဝယ်ယူခွင့်ရရှိပြီး (၂)နှစ်အတွင်း အမည်ပြောင်းလဲခြင်းတို့ကို ခွင့်မပြုကြောင်း သိရသည်။
အိမ်ရာအတွင်း နေထိုင်စဉ် အိမ်ရာသာယာရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး အိမ်ရာအတွင်းအများနှင့်သက်ဆိုင်သော လုံခြုံရေး၊ သန့်ရှင်းသာယာလှပရေး၊ လျှပ်စစ် မီး၊ ရေသုံးစွဲမှုစသည့် ကျသင့်တန်ဖိုးကုန်ကျစရိတ်များကို အိမ်ရာသာယာရေးကော်မတီမှ သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းနိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
