ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်
လိုင်းမှတစ်ဆင့် ဇွန်လ ၂၄ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ Online Railways Ticketing and Payment System (ORTP) စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။
ယင်းစနစ်သည် ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်များကိုလည်း ရောင်းချပေးနေခြင်း ဖြစ်သည်။
လက်မှတ်များကို အွန်လိုင်းမှ ၇ ရက်ကြိုတင်ရောင်းချမည်ဖြစ်သည်။
လက်မှတ်ခများသည် ပထမတန်းလျှင် ငွေကျပ် ၁၆၀၀၀နှင့် အထက်တန်းလျှင် ငွေကျပ် ၂၂၀၀၀ ဖြစ်သည်။
ရန်ကုန်-မော်လမြိုင် DEMU ရထားကို ဇူလိုင် ၁ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဟု ကနဦးသိရပြီး ရန်ကုန် – မော်လမြိုင် အမှတ်(၈၃) အဆန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီအချိန်တွင် စတင်ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ နံနက် ၁၁ နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်သည်။
ထိူ့အတူ မော်လမြိုင်-ရန်ကုန် အမှတ်(၈၄) အစုန် DEMU ရထားသည် မော်လမြိုင်ဘူတာမှ မွန်းလွဲ ၁ နာရီအချိန်တွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ၌ လည်း DEMU ရထားပြေးဆွဲရေးအတွက် မော်လမြိုင်-ရန်ကုန်လမ်းပိုင်းရှိ ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို လိုက်ပိတ်နေပြီး ထိုသို့ ပိတ်သိမ်းနေရခြင်းသည် မော်လမြိုင် – ရန်ကုန်ရထားလမ်းပိုင်း၌ ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား ပြေးဆွဲရာ၌ ရထားတိုက်မှု အန္တရာယ်ကင်းစေရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
