ရန်ကုန်၊ မန္တလေးနှင့် ကလောမြို့ရှိ နှစ်ပေါင်း (၁၀၀)နှင့် အထက်သက်တမ်းရှိသည့် အဆောက်အအုံများကို ရှေးဟောင်း အဆောက်အအုံများအဖြစ် သတ်မှတ်ကြောင်း သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပိုဒ်ခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းကဲ့သို့ ရှေးဟောင်း အဆောက်အအုံအဖြစ်သတ်မှတ်ခံရသည့်အထဲတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံး)၊ ကမာရွတ်မြို့နယ်မှ ပြည်ဆောင်နှင့် တကောင်းဆောင်တို့လည်း ပါဝင်သည်။
အလားတူ ပြင်ဦးလွင်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ အဆောက်အဦး (၆၄)ခုကိုလည်း ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကလောကလပ် အဆောက်အအုံနှင့် ကလောစာတိုက်ဟောင်းတို့ကိုလည်း ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။
