ရန်ကုန်၊ ဇူလိုင် ၂၄
ရန်ကုန်အပါအဝင် ဒေသ ၁၃ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာရေကြီး-မြေပြိုအန္တရာယ် ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းမှု အားကောင်းနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းတိုက်ခတ်ချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုကြရန် မိုးဇလက အကြံပြုထားသည်။
ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို အနီးကပ်စောင့်ကြည့်၍ ကြိုတင်သတိပြုဆောင်ရွက်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။
