ရန်ကုန်မြို့တွင် အိမ်ခြံမြေ ရောင်းဝယ်ငှားလုပ်ငန်းများမှာ ဝါတွင်းကာလ ဖြစ်သော်လည်း အငှားနှင့် အဝယ်လိုက်လာနေပြီး ဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေရောင်းဝယ်သူများထံမှ သိရသည်။
ဝါတွင်းကာလ ဖြစ်သော်လည်း ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုနှင့် ငွေကိုင်ထားသူများ အနေဖြင့် အိမ်ခြံမြေ၊ ရွှေနှင့် ဒေါ်လာဘက်သို့ ရောက်ရှိလုပ်ကိုင်နေသောကြောင့် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ အနည်းငယ် လှုပ်ခတ်လာပြီး ဈေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း တိုက်ခန်းအရောင်းအဝယ်များရှိသော်လည်း အများစုမှာ ဘဏ်ချေးငွေဖြင့် ဝယ်ယူသည့် တိုက်ခန်း အရောင်းအဝယ်သာရှိကြောင်း အရောင်းထက် ငှားရမ်းမှုများ ပိုမိုများပြားကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
“ဝါတွင်းကာလပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငှားတဲ့သူကတော့ ငှားပြီး အိမ်ပြောင်းရွှေ့တဲ့သူကလည်း ပြောင်းနေတာပါပဲ။ အရင်လိုတော့ အယူတွေ အစွဲတွေ သိပ်မရှိကြတော့ပါဘူး။ ဒီနေ့ ဒီတိုက်ခန်းက ရက်ပြည့်တယ်ဆိုရင် ငှားမယ့်သူက ချက်ချင်းကို ရှိတယ်။”ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ ဝါတွင်းကာလဖြစ်သော်လည်း နေထိုင်မှုထက် ရင်းနှီးမြုပ်နှံမှုများကြောင့် အိမ်ခြံမြေရောင်းဝယ်ဆက်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
တိုက်ခန်းဈေးနှုန်း မြင့်တက်လာမှုများမှာ ပြုပြင်စရိတ်၊ ဆောက်လုပ်စရိတ်များ မြင့်တက်လာသောကြောင့် တိုက်ခန်းဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တို့က ဆိုသည်။
တိုက်ခန်းအရောင်းဈေးကွက်တွင် ကျပ်သိန်း (၃၀၀) အောက် တိုက်ခန်းများ အရောင်းမှာ ရှားပါးနေပြီး တိုက်ခန်းတစ်ခန်းကို အနည်းဆုံး ကျပ်သိန်း (၅၀၀) အထိ ပေါက်ဈေးရှိနေကြောင်း အငှားအနေဖြင့် ကျပ် (၁) သိန်းနှင့် (၃) သိန်းကြားမှာ အငှားလိုက်နေကြောင်း သိရသည်။





