ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှကြီးမှူး၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်းကို ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ ကန်တော်ကြီးသဘာဝရေကန်တွင် ယနေ့ သြဂုတ် ၁၁ ရက်နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။
သရုပ်ပြသပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်၍ ရန်ကုန်တိုင်းအတွင်းစီးဆင်းနေသည့် ပဲခူးမြစ်၊ လှိုင်မြစ်တို့၏မြစ်များကြောင့် ရေ ကြီး/ရေလျှံမှုများအချိန်မရွေးကြုံလာနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန် လိုအပ်သည်ဟု ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့်လည်း ရန်ကုန်တိုင်းအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အချိန်မှီကူညီမှုများပြုလုပ်ပေးနိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများကို စနစ်တကျဖွဲ့စည်းထားသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းမှဖွဲ့စည်းထားသော တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲ အင်အား(၁၁၆)ဦး၊ တိုင်းဒေသကြီးအထူးရှာဖွေကယ်ဆယ်ရေး(Light Team)အဖွဲ့မှ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ စက်စွမ်းအားပြည့်မောင်းနှင်ခြင်း၊ Fire Boat ဖြင့် ရေပြင်မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်း၊ Intelligent Lifebouy ဖြင့်ရေနစ်သူများအား ကယ်ဆယ်ခြင်း၊ Dive Suit ဖြင့်ရေငုပ်၍ ကယ်ဆယ်သရုပ်ပြခြင်း၊ ၂၀၂၅ ခုနှစ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှဝယ်ယူဖြည့်တင်းပေးထားသည့် မီးငြှိမ်းသတ်ရေးအသုံးပြုနိုင်သော မောင်းသူမဲ့အဝေးထိန်းမီးသတ်စက်ဖြစ်သော LUF NANO (၃)စီးဖြင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းများကိုပြုလုပ်ခဲ့ကြသည်။
