စစ်တွေ၊ ဇူလိုင်-၂၂
ရခိုင်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်း မှန်ကန်စေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (ဇူလိုင် ၂၁)ရက်က ပြုလုပ်ခဲ့သည်။
စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယာယီနေရပ်စွန့်ခွာသူ လူဦးရေစာရင်း မှန်ကန်ရေး၊ ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးနှင့် နေထိုင်သည့် အဆောက်အအုံများ ကောင်းမွန်ရေးတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့ပြင် UN၊ INGO နှင့် NGO အဖွဲ့အစည်းများမှ ထောက်ပံ့သည့် ဆေးဝါးနှင့် စားသောက်ကုန်များ သက်ဆိုင်သူများလက်သို့ မှန်မှန်ကန်ကန် ရောက်ရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် အရေးစိုက် ဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
